ဆောင်းပါးများ

မြန်မာနိုင်ငံက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုး၍ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုဒေသ၏အဖွဲ့ဝင်ဖြစ်လာ
===================
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ညှိနှိုင်းဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သတင်းစာတွင် အလျဉ်းသင့်သလို ရေးသားဖော်ပြမှုများရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြမှုများ ရှိခဲ့ပါသည်။

ယခုအခါ အဆိုပါ သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၄) ကြိမ် မြောက် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ များ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ RCEP စာချုပ်နှင့် စပ်လျဉ်း၍ အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ရေးသား ဖော်ပြလိုက်ပါသည်။

ယနေ့ နိုင်ငံတကာ စီးပွားရေးလောကတွင် လူပြောများနေသည့် RCEP ဆိုသည်မှာ ဘာကိုပြောနေကြတာပါလဲ။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက် (၆) နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေး ဆိုင်ရာ သဘောတူစာချုပ်တစ်ခုဖြစ်ပါသည်။

RCEP ကို ၂၀၁၂ ခုနှစ်မှ စတင်၍ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi က စေ့စပ်ညှိနှိုင်းဆဲ စာချုပ်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချို့ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ ၏ တောင်းဆိုချက်အပေါ် ကျန် (၁၅) နိုင်ငံ၏ လိုက်လျောမှုမရရှိသဖြင့် RCEP စေ့စပ်ညှိနှိုင်း မှုတွင် အိန္ဒိယနိုင်ငံမပါဝင်တော့ကြောင်း ကြေညာခဲ့ပါသည်။ သို့ပါ၍ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံ (၅) နိုင်ငံတို့က ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက် ယခုအခါ RCEP သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပြီးဖြစ်ပါသည်။
RCEP တွင် လက်ရှိပါဝင်သည့် နိုင်ငံ (၁၅) နိုင်ငံသည် လူဦးရေအားဖြင့် ၂.၂ ဘီလီယံ ရှိသဖြင့် ကမ္ဘာ့လူဦးရေ၏ ၃၀% ကို ကိုယ်စားပြုပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ ရှိသဖြင့်လည်း ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုး၏ ၃၀% ခန့်ရှိပါသည်။ ထို့အပြင် RCEP နိုင်ငံများ၏ ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ % ခန့် ပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးစာချုပ်တစ်ခုအဖြစ် တင်စားခေါ်ဆိုကြပါသည်။
RCEP သဘောတူစာချုပ်ကို စေ့စပ်ညှိနှိုင်းခဲ့ရာတွင် ဈေးကွက်ဖွင့်လှစ်ရေးအပိုင်းနှင့် သဘောတူစာချုပ်တွင် ထည့်သွင်းမည့်စာသားများကို ဆွေးနွေးညှိနှိုင်းသည့်အပိုင်းဟူ၍ (၂) ပိုင်း ခွဲပြီး ၂၀၁၂ ခုနှစ်မှ စတင်၍ညှိနှိုင်းခဲ့ရာ (၈) နှစ်ခန့် ကြာမြင့်ခဲ့ပါသည်။ အဆိုပါကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအဆင့်အစည်းအဝေး (၄) ကြိမ်၊ ဝန်ကြီး များ၏ ပုံမှန်နှင့် ကြားဖြတ်အစည်းအဝေး (၁၉) ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ ဆွေးနွေးမှုများကို လူကိုယ်တိုင် ပါဝင်တက်ရောက်သည့် အစည်းအဝေး များအပြင် Video Conference စနစ်ဖြင့်လည်း အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပါသည်။

RCEP တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရမည်ဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် မည်သို့ အကျိုးရှိနိုင်မည်လဲ။

RCEP သဘောတူစာချုပ်၏ နိဒါန်းမှာပင် စာချုပ်ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု အဆင့်အမျိုးမျိုးရှိနေမှုကို ထည့်သွင်းစဉ်းစားလျက် အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် အထူးအခွင့်အရေးများပေးရန်နှင့် ဗီယက်နမ်နိုင်ငံအတွက်လည်း သင့်လျော်သည့် အတိုင်းအတာတစ်ခုအထိ အခွင့်အရေးပေးရန် သဘောတူခဲ့ကြပါသည်။ ထို့အပြင် ကုလသမဂ္ဂ၏ သတ်မှတ်ပြဋ္ဌာန်းချက်အရ ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်းဝင်နိုင်ငံ များအတွက် စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များရှိလာပါက ထပ်ဆောင်းဖြေလျှော့ပေးမှုများပေးရန်ကိုလည်း သဘောတူခဲ့ကြ ပါသည်။ ဥပမာအားဖြင့် သဘောတူစာချုပ်ပါ အကောက်ခွန်လျှော့ချခြင်း/ ဖယ်ရှားခြင်း အစီအစဉ်တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် အခြားသော စာချုပ်ဝင်နိုင်ငံ များထက်ပို၍ အထူးအခွင့်အရေးများကိုထည့်သွင်းထားပါသည်။ RCEP အဖွဲ့ဝင်နိုင်ငံများသည် စာချုပ်အာဏာသက်ဝင်သည့်အချိန်တွင် ကုန်စည်လိုင်းအားလုံး၏ ၆၅% ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ၃၀% သာ ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ပါသည်။ ထို့အပြင် စာချုပ် အာဏာသက်ဝင်ပြီး (၁၀) နှစ် အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း၏ ၈၀% ကို အခွန်ကင်းလွတ်ခွင့် ပြုရမည် ဖြစ်သော်လည်းမြန်မာနိုင်ငံက (၁၅) နှစ်အကြာတွင်မှ အခွန်ကင်းလွတ်ခွင့်ပြုရမည် ဖြစ်ပါသည်။

ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးစာချုပ်ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပိုမိုချဲ့ထွင်နိုင်ရန်အတွက် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုး ကွင်းဆက်တို့တွင် ချိတ်ဆက်ပါဝင်စေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဤသဘောတူ စာချုပ်အောက်ရှိ ကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် အကျိုးအမြတ် ရရှိနိုင်စေရန်အတွက် လိုအပ်ချက်များ ရှိပါကလည်း အဆိုပါလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း သဘောတူထား ခဲ့ကြပါသည်။

အနာဂတ်တွင် ပြောင်းလဲတိုးတက်လာမည့် အခြေအနေများကို မျှော်မှန်း၍ သဘောတူ စာချုပ်တွင် ထည့်သွင်းထားသည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခန်းနှင့် ယှဉ်ပြိုင်မှုအခန်းတို့တွင်ပါရှိသော ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်လည်း မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေးကာလကို ကဏ္ဍ အလိုက် အနည်းဆုံး (၃) နှစ်မှ အများဆုံး (၁၀) နှစ်အထိလည်းကောင်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးအခန်းတွင် အသွင်ကူးပြောင်းရေးကာလကို (၁၅) နှစ်အထိလည်းကောင်း အချိန်ယူ ညှိနှိုင်းထားရှိပါသည်။

အစိုးရဝယ်ယူရေးအခန်းအတွက်လည်း မြန်မာနိုင်ငံအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို ကင်းလွတ်ခွင့်ရရှိပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုသာ လိုအပ်မည် ဖြစ်ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ခေတ်မီ၍ အဆင့်မြင့်သော RCEP တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြင့် မိမိနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် လိုအပ်သော ဥပဒေ၊ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ အဆင့်အတန်းမီ ပြုပြင်ပြောင်းလဲ၍ လိုက်ပါဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ရရှိမည် ဖြစ်သကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီး တို့မှ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် များကိုပါ နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ပါသည်။

ထို့အပြင် စာချုပ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်များ အတွက် ကြီးမားကျယ်ပြန့်သည့်ဈေးကွက်ကို ရရှိစေမည်ဖြစ်ပါသည်။ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူနိုင်ငံတို့ကဲ့သို့ နည်းပညာနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် သော အာရှနိုင်ငံအများစုပါဝင်သည့်အတွက်လည်း သဘောတူစာချုပ်၏ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများစီးဝင် လာနိုင်မည့် အခွင့်အလမ်းများကိုလည်းရရှိနိုင်မည်ဖြစ်ပါသည်။

RCEP သည် မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် လက်ရှိပါဝင်ဆောင်ရွက်နေသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreements – FTAs) များနှင့် မည်သို့ကွာခြား ပါသလဲ။ RCEP ကို ပိုမိုခေတ်မီပြီး၊ ကဏ္ဍစုံပါဝင်သည့် ကုန်သွယ်မှုစာချုပ်ဟု ဘာ့ကြောင့် ခေါ်ဆိုပါသလဲ။
RCEP သဘောတူစာချုပ်သည် လက်ရှိအကောင်အထည် ဖော်လျက်ရှိတဲ့ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား အပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (+1 FTAs) များဖြစ်သည့် အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဂျပန်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန်နှင့် အာဆီယံ-ဟောင်ကောင်တို့ထက် ပိုမိုပြည့်စုံ၊ အရည်အသွေးမြင့်မားပြီး အဖွဲ့ဝင်များအကြား အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ခုဟု ဆိုနိုင်ပါသည်။

သဘောတူစာချုပ်တွင်ပါဝင်သည့် အခန်းများကိုလေ့လာကြည့်လျှင် ယခင်ကရှိခဲ့သည့် အာဆီယံ၏ ကုန်သွယ်ရေးသဘောတူစာချုပ်များတွင် မပါဝင်ခဲ့သည့် နယ်ပယ်များဖြစ်သည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အခန်း၊ အစိုးရဝယ်ယူရေးအခန်းနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အခန်း စသည့်အခန်းများကိုပါ ထည့်သွင်းထားပါသည်။ အဆိုပါ အခန်းများသည် အနာဂတ် ကမ္ဘာ့လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ ထူထောင်သည့် စာချုပ်များအတွက် မဖြစ်မနေအရေးပါလာမည့် နယ်ပယ်များ ဖြစ်ပါသည်။ ဥပမာအားဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်းကို ထည့်သွင်းခြင်းဖြင့် နိုင်ငံတိုင်း၏ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်နိုင် ခြင်းဖြင့် နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုကို စနစ်တကျ ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်မှု ကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ဆန်းသစ်တီထွင်မှုများကို အားပေးမှု၊ ကာကွယ်မြှင့်တင်မှု ပြုနိုင်မည့်အပြင် မိရိုးဖလာ အစဉ်အလာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။

RCEP က COVID အလွန် မြန်မာ့နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန် မည်သို့အထောက်အကူပြုနိုင်မလဲ။
ယနေ့အချိန်အခါတွင် COVID – 19 ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းစီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာ ကျဆင်းလျက်ရှိပါသည်။

တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံအချို့အကြား ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒများကျင့်သုံးမှုကြောင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဦးဆောင်သည့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှုစနစ်အတွက် စိန်ခေါ်မှုများရှိနေသည့် အချိန်လည်း ဖြစ်ပါသည်။ အဆိုပါ အခြေအနေ များတွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးမားသော အဖွဲ့ဝင်နိုင်ငံများပါဝင်သည့် RCEP သဘောတူ စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခြင်းက စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို ပြန်လည်ရှင်သန် အသက်ဝင်စေမည်ဖြစ်သည့်အတွက် ဒေသတစ်ခုလုံး အတွက်သာမက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်စေနိုင်မည့် အခွင့်အလမ်း တစ်ရပ်အဖြစ် ရှုမြင်ကြပါသည်။ ထို့အပြင် စာချုပ်တွင်ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်သည့်အတွက် COVID – 19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် ဈေးကွက်ကို ရရှိစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အခွင့်အလမ်းကောင်းများကို ရရှိစေမည် ဖြစ်ပါသည်။

အထူးသဖြင့် COVID – 19 အလွန်ကာလတွင် နည်းပညာကိုအခြေခံသည့် ဒီဂျစ်တယ် စီးပွားရေးသို့ အသွင်ကူးပြောင်းရာတွင် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို ဤစာချူပ်ပါ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအခန်းပါ သဘောတူညီချက် များနှင့်အညီ ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်လည်း RCEP စာချုပ်အဖွဲ့ဝင် (၁၅) နိုင်ငံအကြား စီးပွားရေးအရ ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခွင့်အရေးများကို ရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ပါသည်။

RCEP တွင် အိန္ဒိယနိုင်ငံက လတ်တလော မပါဝင်နိုင်ရတာ ဘာကြောင့်ပါလဲ။

အိန္ဒိယနိုင်ငံအနေဖြင့် စာချုပ်တွင် လတ်တလောပါဝင်နိုင်ခြင်း မရှိသည့် အခြေအနေအား လေ့လာသုံးသပ်ရာတွင် အိန္ဒိယနိုင်ငံသည် အာဆီယံ(၁၀) နိုင်ငံနှင့် ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို လည်းကောင်း၊ ကျန် RCEP အဖွဲ့ဝင်နိုင်ငံများအနက် ဂျပန်၊ ကိုရီးယား တို့နှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ စာချုပ်တို့ကိုလည်းကောင်း ချုပ်ဆိုထားပြီးဖြစ် သော်လည်း တရုတ်၊ ဩစတြေးလျ၊ နယူးဇီလန်တို့နှင့် နှစ်နိုင်ငံ FTA ချုပ်ဆိုထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ RCEP စာချုပ်တွင် ပါဝင်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် အာဆီယံ (၁၀) နိုင်ငံအပြင် တရုတ်နိုင်ငံအပါအဝင် ကျန် (၅) နိုင်ငံတို့နှင့်ပါ လွတ်လပ်သော ကုန်သွယ်မှု ဒေသစည်းမျဉ်းများအရ ဈေးကွက်ဖွင့်လှစ်ပေးရမည် ဖြစ်ပါသည်။ အဆိုပါအခြေအနေအရ အိန္ဒိယနိုင်ငံသည် ယခင် FTA မရှိခဲ့ဖူးသော နိုင်ငံများမှ ပို့ကုန်များအား ဈေးကွက်ဖွင့်ပေးရာတွင် ၎င်း၏ပြည်တွင်း အခြေအနေလိုအပ်ချက်အရ အသင့်မဖြစ်သေးသဖြင့် လတ်တလောတွင် RCEP တွင် ပါဝင်နိုင်မှုမရှိခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ ၎င်း၏ ပြည်တွင်းအခြေအနေ လိုအပ်ချက်များရှိနေမှုကြောင့် RCEP စေ့စပ်ညှိနှိုင်းမှုတွင် မပါဝင်တော့သော်လည်း စတင်ညှိနှိုင်းခဲ့သည့် ၂၀၁၂ ခုနှစ်ကပင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်း၊ မဟာဗျူဟာအရလည်း အရေးပါခြင်း၊ လက်ရှိအခြေအနေအရ စာချုပ်တွင် ပါဝင်နိုင်ခြင်းမရှိသည့်အပေါ် ကျန်အဖွဲ့ဝင်နိုင်ငံ အားလုံးက နားလည်မှုပေးနိုင်ခြင်းတို့ကြောင့် စာချုပ်လက်မှတ်ရေးထိုးပြီးသည့်တိုင် အိန္ဒိယနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာနိုင်ရေးအတွက် ဆက်လက်လမ်းဖွင့်ပေးထားမည်ဖြစ်ပါသည်။

RCEP လွတ်လပ်သောကုန်သွယ်မှုဒေသမှာ ပါဝင်မှုကြောင့် မြန်မာ့ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်မလား။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ ဝင်ရောက်ခဲ့ပြီး အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ၌ ပါဝင်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် အာဆီယံ−တရုတ် ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် (ACTIGA )၊ ၂၀၀၆ ခုနှစ်တွင် အာဆီယံ−ကိုရီးယား ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် (AKTIGA )၊ ၂၀၀၈ ခုနှစ်တွင် အာဆီယံ−ဂျပန် ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (AJCEP )၊ ၂၀၀၉ ခုနှစ်တွင် အာဆီယံ−အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူ စာချုပ် (AITIGA ) နှင့် အာဆီယံ−ဩစတြေးလျ−နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်မှုဆိုင်ရာ သဘောတူစာချုပ် (AANZFT ) တို့အရ အဆိုပါ (၆) နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများကို ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနှင့် အထက် အတွေ့အကြုံရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံကို ဗဟိုပြု၍ ချုပ်ဆိုထားသော အထက်ပါ FTA များအရ မိမိပို့ကုန်များအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်များသို့ တင်ပို့၍ အကျိုးခံစားခွင့်များ ရရှိလျက်ရှိပါသည်။ ယခု RCEP စာချုပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းသည် အာဆီယံ (၁၀) နိုင်ငံအပြင် ကျန်အဖွဲ့ဝင် (၅) နိုင်ငံနှင့် ဆယ်စုနှစ်တစ်ခုကျော် လွတ်လပ်သောကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအတွေ့အကြုံကို အခြေခံ၍ ပြည်တွင်းလု်ပငန်းများအနေဖြင့် စာချုပ်ပါ စည်းမျဉ်းများနှင့်အညီ အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို စတင် ညှိနှိုင်းဆွေးနွေးစဉ်ကပင် လိုအပ်သည့် မူဝါဒရေးရာကိစ္စရပ်များကို လမ်းညွှန်မှုပေးခဲ့သော နိုင်ငံတော်အကြီးအကဲများ၊ စေ့စပ်ညှိနှိုင်းရာတွင် တွေ့ကြုံရသည့် အကြပ်အတည်းများကို ကျော်လွှားနိုင်ရန် လမ်းညွှန်မှုပေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စာချုပ်ပါ အခန်းအလိုက်၊ နယ်ပယ်အလိုက် (၁၆) နိုင်ငံ စေ့စပ်ညှိနှိုင်းရာ၌ ကျွန်တော်နှင့်အတူ မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် ရပ်တည်၍ ပါဝင်ဆွေးနွေးခဲ့ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကျွန်တော်၏ မိခင်ဝန်ကြီးဌာနဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနများမှ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်အရာရှိများအားလုံးကို လည်းကောင်း၊ ထို့အတူ စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် တစ်ခုလုံးတွင် ဥပဒေဆိုင်ရာရှုထောင့်မှ ပါဝင်ညှိနှိုင်းပေး ခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အရာရှိများကိုလည်းကောင်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
သန်းအောင်ကျော်
================
(စာရေးသူ သန်းအောင်ကျော်သည် အဖွဲ့ဝင် (၁၆) နိုင်ငံမှ ညှိနှိုင်းရေးမှူးများဖြင့် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီတွင် မြန်မာနိုင်ငံ၏ RCEP ကုန်သွယ်ရေး ညှိနှိုင်းရေးမှူးအဖြစ် ၂၀၁၉ ခုနှစ်မှစတင်ပြီး ဆွေးနွေးညှိနှိုင်းမှုများတွင် သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့ဝင်များအား ဦးဆောင်၍ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သူဖြစ်ပါသည်။ ၎င်းသည် လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါသည်။)