နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို  ၁၉၄၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေးခရီးများ သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာလာစေခဲ့ပါသည်။

မြန်မာ-ထိုင်း (၃) နှစ်တာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၁၉-၂၀၂၁) မူကြမ်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံအတွက် အရေးပါသည့်ကဏ္ဍများတွင် သုံးနှစ်တာကာလအတွင်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (Consultation on 3-year Myanmar-Thailand Development Cooperation Programme 2019-2021) ကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး  စိုက်ပျိုး ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးနှင့် ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက် စေရေး၊ လူမှုအသိုင်းအဝန်း တိုးတက်ရေး ကဏ္ဍစသည့် ကဏ္ဍ ၅ ခု နှင့်စပ်လျဉ်း၍ အစီအစဉ်များ၊ ရည်ရွယ်ချက်များ၊ နည်းဗျူဟာများ၊ အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်း ဆောင်ရွက် မည့် ဒေသများနှင့်ရရှိမည့် အကျိုးကျေးဇူးများ ကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ (ကရင်၊ မွန်၊ ရခိုင်၊ တနင်္သာရီ) တို့တွင် သီးခြား အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍      လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

၃။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ TICA တို့ ပူးပေါင်း၍ လူမှုအသိုက်အဝန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး (Sustainable Community Development based on SEP) အောက်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ထိုင်းနိုင်ငံ နယ်စပ်နှင့် နီးကပ်သည့် ကျေးရွာများတွင် စံပြကျေးရွာ (Model Village) များနှင့် သင်တန်းကျောင်းများ တည်ထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိရာ ယခုအခါ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လေးကေ့ကော် ကျေးရွာ နှင့် ဘားအံမြို့နယ်ရှိ မကျီးကျွန်း ကျေးရွာများသို့ သွားရောက်၍ (SEP) အခြေပြု Sustainable Community Development စီမံကိန်းဆိုင်ရာ စစ်တမ်း ကောက်ယူခြင်း ကိစ္စများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ သည်။


ထိုင်းနိုင်ငံ၊ NEDA ၏ ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ

၄။ ကရင်ပြည်နယ်၊ ဘားအံမြို့ နှင့် မြဝတီမြို့များအတွက် ရေပေးဝေရေးစီမံကိန်းနှင့် အမှိုက်စွန့်ပစ်ရေး စီမံကိန်းများဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency (NEDA) ချေးငွေ အမေရိကန်ဒေါ်လာ၂၄.၃ သန်း (ထိုင်းဘတ် ၇၇၇.၇၇ သန်း) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ချေးငွေစာချုပ်ကို ၂၄-၂-၂၀၂၀ ရက်နေ့တွင်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။

၅။ NEDA ၏ ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ထိုင်းနိုင်ငံနယ်စပ် ကချနာပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ (၂) လမ်းသွားကတ္တရာကားလမ်း အဆင့်မြင့်တင် ဖောက်လုပ်ရေး စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါသည်။