နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ဗြိတိန်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပါသည်။

၂။ ဗြိတိန်နိုင်ငံသည် Three Millennium Development Goals Fund - 3MDGs Fund၊ Three Diseases Fund - 3DF၊ Livelihood and Food Security Fund-LIFT Fund၊ Multi Donor Education Fund – MDEF တို့တွင် အလှူရှင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်ပြီး အဆိုပါအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် INGOs နှင့် NGOs တို့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စီမံချက်များသို့ ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။

အဓိကထောက်ပံ့မှုနယ်ပယ်များ

၃။ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development- DFID) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း  မြန်မာနိုင်ငံ၏ ကောင်းမွန် သောအုပ်ချုပ်မှုနှင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ခြင်း၊ ပွင့်လင်းမြင်သာမှု တိုးမြင့်စေခြင်းနှင့် လွှတ်တော်၏လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ပေးခြင်း စသည့် ကဏ္ဍများတွင် အကူအညီများ ပေးအပ်ခဲ့ပါသည်။

၄။ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ကချင်ပြည်နယ်အတွင်း အစားအစာ၊ နေအိမ်၊ သောက်သုံးရေရရှိရေး စသည့်ကဏ္ဍများ တွင်လည်း UK-Aid မှ အကူအညီများ ပေးအပ်ခဲ့ပါသည်။

၅။ ထို့အပြင် DFID ၏ ထောက်ပံ့ငွေ စတာလင်ပေါင် ၂၅ သန်းဖြင့် DaNa Facility က ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်သိ၍ စဉ်ဆက်မပြတ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးစီမံချက်ကို ဆောင်ရွက်ခဲ့ ပါသည်။