နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ခြင်း 

၁။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ခြင်း ဖြင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာလာစေပါသည်။

၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုအကူအညီများ (အထောက်အပံ့၊ ချေးငွေနှင့် နည်းပညာ အကူအညီများ) ပေးအပ်လျက်ရှိပါသည်။

ငွေကြေးအကူအညီ အထောက်အပံ့များပေးအပ်ခြင်း (၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ)

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ် (၆) ခု လက်မှတ်ရေးထိုးခဲ့ပါသည်။

၄။ အဆိုပါ သဘောတူညီချက်စာချုပ် (၆) ခုအရ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီ ငွေ ရင်မင်ဘီယွမ် (၄.၉) ဘီလီယံဖြင့် အထွေထွေ ရောဂါကုဆေးရုံစီမံချက်၊ ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကျန်းမာရေး ဆေးဝါးစီမံချက်အပါအဝင် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်များ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေး ဆိုင်ရာစီမံချက်များ၊ သက်မွေး ဝမ်းကျောင်းမှု တိုးတက်မြင့်မားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံချက်များနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ နေရပ်စွန့်ခွာသူ များ ကူညီပံ့ပိုးရေးဆိုင်ရာ စီမံချက်များတွင် အသုံးပြုမည်ဖြစ်ပါသည်။

၅။ အဆိုပါ အကူအညီငွေများဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အကောင် အထည်ဖော်ဆောင်ရွက်ဆဲ စီမံကိန်း (၁၃) ခုရှိပြီး ထပ်မံ၍ စီမံကိန်း (၂၀) ခုအား ဆက်လက် အဆိုပြု ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ 

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးများ ကျင်းပခြင်း

၆။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးများကို နှစ်နိုင်ငံ ဒုတိယဝန်ကြီးများက ဦးဆောင် ၍ ကျင်းပခဲ့ရာ ၂၀၀၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀၀၈ ခုနှစ် တွင် ဒုတိယ အကြိမ်အဖြစ် တရုတ်နိုင်ငံ၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တတိယအကြိမ် အဖြစ် မြန်မာနိုင်ငံ၌ လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် တရုတ်နိုင်ငံ၌ လည်းကောင်း၊ ၂၀၁၉ ခုနှစ် တွင် ပဉ္စမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ လည်းကောင်း အလှည့်ကျ ကျင်းပခဲ့ပါသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း 

၇။ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) အစီအစဉ်ဖြင့်သင်တန်းများ၊ ဆွေးနွေးပွဲများသို့ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာန အဖွဲ့အစည်း အသီးသီးရှိ အရာထမ်း (၃,၃၂၉) ဦး တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် ပြည်သူ့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန် အထောက်အကူပြု ပါသည်။

သဘောတူညီမှုစာချုပ်များ၊ နားလည်မှု စာချွန်လွှာများနှင့် စာလွှာများ လက်မှတ်ရေးထိုးခြင်း

၈။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံ၊ နယ်စပ်စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု၊ လျှပ်စစ်ဓာတ်အားထုတ်မှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အတွက် သဘောတူ စာချုပ် (Agreements) ၆ ခု၊ သဘောတူညီချက် (Implementation Agreements) ၃ ခု၊ နားလည်မှု စာချွန်လွှာ (MoUs) ၁၄ ခုနှင့် စာလွှာ (Exchange Letter) (၁၀) ခု စုစုပေါင်း (၃၃) ခု တို့ကို နှစ်နိုင်ငံအကြား အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြ ပါသည်။ 

ယွမ် (၄) ဘီလီယံ ပေးအပ်ရန် ကတိကဝတ်ပြုခဲ့ခြင်း

၉။ တရုတ်နိုင်ငံ သမ္မတ၏ အဆိုပါ ခရီးစဉ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံ၊ သမ္မတတို့ ဦးဆောင် ကျင်းပသည့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လာမည့် (၃) နှစ်တာ ကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ယွမ် (၄) ဘီလီယံ ပေးအပ်ရန် ကတိကဝတ် ပြုခဲ့ပြီး ယင်းအကူ အညီငွေများကို ပြည်သူလူထု၏ စားဝတ်နေရေး အဆင့်အတန်း မြှင့်တင်ရေးနှင့် လုံခြုံရေး ဖွံ့ဖြိုးတိုး တက်ရန်အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး တို့တွင် ကူညီ သွားမည် ဖြစ်ပါသည်။