နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ

၁။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ      ၄ ရက်တွင် စတင်ခဲ့ပြီး၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ ကြောင့် ဆက်ဆံရေး ပိုမိုတိုးတက်လာခဲ့ပါသည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ(၅) ခုနှင့် သဘောတူညီချက် (၅) ခုတို့အား နှစ်နိုင်ငံ ကိုယ်စားလှယ်တို့မှ လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

၃။ အိန္ဒိယသမ္မတနိုင်ငံမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ TATA မော်တော်ယာဉ် (၁၀) စီးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် လှူဒါန်းခဲ့ပါသည်။

၄။ အသေးစားဖွံ့ဖြိုးမှုစီမံချက်များဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုအရ  စီမံကိန်း တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၂) သန်းထက် ကျော်လွန်ခြင်းမရှိသော လုပ်ငန်းစီမံကိန်းငယ် များကို အကူအညီ ပေးအပ်မည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆိုပြုလာသည့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၁.၁၉၉) သန်းတန်ဖိုးရှိ စီမံကိန်း (၂၆) ခုကို အိန္ဒိယဘက်သို့ အဆိုပြု ပေးခဲ့ပါသည်။ 

၅။ Quick Impact Projects (QIP) ပူးပေါင်းဆောင်ရွက်မှုအောက်တွင်လည်း စီမံကိန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ထက် ကျော်လွန်ခြင်းမရှိသော လုပ်ငန်းစီမံကိန်းငယ်များကို အကူအညီ ပေးအပ်မည်ဖြစ်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၄၃,၈၅၀) တန်ဖိုးရှိ စီမံကိန်း (၃) ခုကို အိန္ဒိယဘက်သို့ အဆိုပြုပေးခဲ့ပါသည်။ ကျန်ဝန်ကြီးဌာနများမှ အဆိုပြုလွှာများ ထပ်မံပေးပို့လာပါက ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆။ အိန္ဒိယနိုင်ငံမှ သက်သာသောချေးငွေ အမေရိကန်ဒေါ်လာသန်း (၅၀၀) နှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင် အိန္ဒိယနိုင်ငံပို့ကုန် သွင်းကုန်ဘဏ် နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့အကြား လက်မှတ်ရေးထိုးခဲ့ကြပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၂၈.၁၄) သန်းတန်ဖိုးရှိ စီမံကိန်း (၃) ခုကို စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဆောင်ရွက်လျက်ရှိပါသည်။