မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါရဂူဘွဲ့၊ မဟာဘွဲ့ ပညာသင်ဆုများအား အစဉ်တစိုက်ပေးအပ်လျက်ရှိသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce – MOFCOM) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ ညနေပိုင်း တွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပခဲ့ရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ထင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အခမ်းအနား အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Shen Dan က မြန်မာနိုင်ငံသို့ MOFCOM ပညာသင်ဆုပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံ့ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန (MOFCOM) ပညာသင်ဆုများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကျော်ထင်နှင့် မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Shen Dan တို့က ကျောင်းဝင်ခွင့်လက်မှတ်များကို ပညာတော် သင်ဆု ရွေးချယ်ခြင်းခံရသူများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး MOFCOM ပညာတော်သင် ကျောင်းသား ဟောင်းတစ်ဦးနှင့် ပညာသင်တော်သင်ဆုရရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာ ဝန်ခံနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပညာတော်သင်ဆုရရှိကြသည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။