ပြင်ပသတင်းများ


နေပြည်တော် ဇွန် ၁၅


အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (မေလကုန်အထိ) အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၀၅ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂၃၉၃ ဒသမ ၃၆၂ သန်း အထိ ရရှိထားသည်.


အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြု ပေးခဲ့သည့် လုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ ၁၂ ခုတို့ ဖြစ်သည်။


အဆိုပါကဏ္ဍများအနက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ၊ စက်မှုကဏ္ဍ တွင် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည်။


ထို့ပြင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံမှာလည်း ၅၁ နိုင်ငံရှိသည့်အနက် စင်ကာပူမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး တရုတ်မှာ  ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဖြစ်ကာ၊ ထိုင်းမှာ ရင်းနှီး မြှုပ်နှံမှု တတိယအများဆုံးဖြစ်သည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့်လည်း တင်ပြလာသည့် လုပ်ငန်းများ အနက် လုပ်သားအခြေပြုလုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။


သို့ဖြစ်၍ အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ  ပြည်တွင်း လုပ်သား ငါးသိန်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


အဆိုပါ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း လုပ်သားဦးရေ ၁၉၀၀၀ ကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း လုပ်သားဦးရေ ၁၁၀၀၀၀ ကျော်၊ ၂၀၁၈ (ဧပြီလမှ စက်တင်ဘာလအထိ) ကြားကာလ မီနီဘတ်ဂျက်တွင် ပြည်တွင်းလုပ်သားဦးရေ ၅၃၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်တွင်းလုပ်သား ဦးရေ ၁၈၀၀၀၀ ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာမှ မေ အထိ) ပြည်တွင်း လုပ်သားဦးရေ ၁၆၀၀၀၀ ကျော် တို့ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။


ငြိမ်းငြိမ်း