ပြင်ပသတင်းများ


နေပြည်တော် ဇွန် ၁၆


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာ များနှင့်စပ်လျဉ်း၍ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) နှင့် Economic Recovery Plan ရေးဆွဲသူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန် ဆွေးနွေးသည်။


ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့တွင် စီးပွားရေးနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ စီးပွားရေးဆိုသည်မှာ ကိုဗစ်နှင့် ဆက်နွယ်သည့် စီးပွားရေးကိစ္စများ ဖြစ်ပါကြောင်း၊ ပထမဆုံးအနေဖြင့် ကိုဗစ်နှင့် ပတ်သက်၍ ကာကွယ်ရန် အစီအစဉ်များ လုပ်ဆောင်ရမည့်အချိန်တွင် ကျန်းမာရေးနှင့် စတင်ပါကြောင်း၊ သို့သော် ကျန်းမာရေးနှင့်စတင်ပြီး မကြာမီတွင် စီးပွားရေးကိုလည်း ကြည့်ရ မည်ကို သဘောပေါက်ပါကြောင်း၊ ဖေဖော်ဝါရီလမှ စတင်၍ စီးပွားရေးကိစ္စများကို ကိုင်တွယ် ပါကြောင်း၊ ကိုဗစ်၏ ဖြစ်နိုင်သည့် အကျိုးဆက်၊ အလုပ်ရုံ၊ စက်ရုံများ ပိတ်သိမ်းရပြီး စီးပွားရေးလုပ်ငန်းများ ကျဆင်းပါက မည်သို့ရင်ဆိုင်ကျော်လွှား ကိုင်တွယ်မည်ကို စဉ်းစားရ ပါကြောင်း၊ မိမိတို့နှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ စီးပွားရေးအရ ဆက်နွယ်မှုများ ရှိသည့်အပြင် နယ်နိမိတ်များလည်း ထိစပ်လျက်ရှိပါကြောင်း၊ နယ်စပ်အဝင်၊ အထွက် ကိစ္စရပ်သည် ကိုဗစ်ကြောင့် အကျိုးသက်ရောက်မှုရှိမည်ကို မိမိတို့တွက်ထားပြီး ရေတို၊ ရေရှည် နှစ်ခုစလုံး ကြည့်ရ ပါကြောင်း။


ကျန်းမာရေးနှင့် ပတ်သက်ပြီး မိမိတို့ ပြည်သူများကို စောင့်ရှောက်နိုင်ရန်မှာ ဖွံ့ဖြိုး တိုးတက်မှ ပိုမိုစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးမတိုးတက်ပါက ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးအပြင် အခြားကိစ္စရပ်များကိုလည်း လုံလောက်စွာ စောင့်ရှောက် ပေးနိုင်မည် မဟုတ်ပါကြောင်း။



ထို့ကြောင့် စီးပွားရေးကို သတိထားပါကြောင်း၊ စီးပွားရေးနှင့်ဆက်နွယ် နေသည်မှာ အလုပ်အကိုင်ဖြစ်ပါကြောင်း၊ အလုပ်အကိုင်ရှိခြင်းဆိုသည်မှာ ဝင်ငွေတစ်ခုတည်းအတွက် မဟုတ်ဘဲ မိမိ၏ ဂုဏ်သိက္ခာအတွက်လည်း ပါဝင်ပါကြောင်း၊ အလုပ်အကိုင်မရှိပါက စိတ်ဓာတ်ကျပြီး တစ်ခါတစ်ရံ ဂယောင်ခြောက်ခြား ဖြစ်တတ် ပါကြောင်း၊ ထို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ မထိခိုက်စေရန် ဂရုစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက COVI-19 ရောဂါ ဂယက်ကြောင့် ကမ္ဘာ့စီးပွားရေး တုံ့ဆိုင်းနှေးကွေးသွားပြီး နိုင်ငံအများစုသည် စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရပါကြောင်း၊ ယင်းဂယက်သည် မြန်မာနိုင်ငံကိုလည်း အထိုက်အလျောက် ရိုက်ခတ်လာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဘက်စုံကာကွယ်နိုင်ရန်အတွက် အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။



ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားမှု အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက မတ် ၁၃ ရက်တွင် Covld-19 ကြောင့် စီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးကြောင်း၊ ကော်မတီအနေဖြင့် စီးပွားရေးထိခိုက်မှု အများဆုံးခံနေရသည့် လုပ်ငန်း()ခု ဖြစ်သော အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် ရန်ပုံငွေကျပ် ဘီလီယံ ၁၀၀ ကို ထူထောင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံသားပိုင်လုပ်ငန်းများကို သက်သာသော အတိုးနှုန်း ရာခိုင်နှုန်းဖြင့် သင်္ကြန်ကာလ အလွန်ကစပြီး ထုတ်ချေးခဲ့ရာ ယနေ့အထိ လုပ်ငန်းပေါင်း ထောင်ကျော်ကို ချေးငွေပမာဏ ငွေကျပ် ၈၆ ဘီလီယံကျော် ထုတ်ချေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချေးငွေ စိစစ်ရာတွင် ဝန်ကြီးဌာနများက ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး စနစ်တကျ စိစစ်ထုတ်ချေးလျက် ရှိပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် "Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်"(CERP)ကို ရေးဆွဲပြီး ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်း (CERP)တွင် အဓိက စီးပွားရေးဆိုးကျိုး သက်ရောက်မှုများကို လျော့ပါးသက်သာစေရန်နှင့် မြန်မာ့စီးပွားရေးကျဆင်းမှုကို ပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ထည့်သွင်းရေးဆွဲထားသည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်လည်း ကိုက်ညီမှုရှိစေရန် ချိတ်ဆက်ရေးဆွဲထားပါကြောင်း၊ ဝန်ကြီးဌာနများကလည်း ၎င်းတို့ဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် ဖြေလျှော့မှုများကို ပေးနေပါ ကြောင်း။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ဘဏ်တိုးနှုန်းကို အဆင့်ဆင့် လျှော့ချပေးခဲ့ ပါကြောင်း၊ ပုဂ္ဂလိက ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရသည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ကို ရာခိုင်နှုန်းကနေ ဒသမ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ် ပေးခဲ့ပါကြောင်း၊ ဆေးပစ္စည်းကိရိယာများကိုလည်း ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများအပေါ် ကောက်ခံသည့် လုပ်ငန်းလိုင်စင်ကြေးများကို ယခုနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးထားပြီး ဖြစ်ပါကြောင်း။


နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရရှိမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ - IMF မှ အမေရိကန် ဒေါ်လာသန်း ၇၀၀၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀၊ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေး ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၃၀ စုစုပေါင်း အမေ ရိကန်ဒေါ်လာ ဒသမ ၂၅ ဘီလီယံ ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဦးမော့လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အမြောက် အများ ပိုမိုဝင်ရောက်လာစေရန် အရေးကြီးပါကြောင်း။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် အမေရိကန်ဒေါ်လာ ဒသမ ၁၅ ဘီလီယံ ခွင့်ပြုခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလအထိ()လတာကာလအတွင်း အမေရိကန် ဒေါ်လာ ဒသမ ၀၉ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ COVID-19 ကာလအလွန်တွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် စီးဝင်လာမည်ဟု မျှော်လင့်ရပါကြောင်း၊ ယခုနှစ်တွင် လျာထားချက်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဒသမ ဘီလီယံကို သတ်မှတ်သည့် ကာလအတွင်း ပြည့်မီနိုင်မည်ဟု ယုံကြည်ပါကြောင်း။


အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို စိစစ် ခွင့်ပြုပေးခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် မေလအထိ စုစုပေါင်း အလုပ်အကိုင် အခွင့်အလမ်း ၁၆၈၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။


COVID-19 အလွန်ကာလ စီးပွားရေး အခွင့်အလမ်းများအနေဖြင့် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံသည့်နိုင်ငံဖြစ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် အခြေအနေ ရှိပါကြောင်း၊ ယခုကဲ့သို့ ကပ်ရောဂါကြုံတွေ့နေရချိန်တွင် နိုင်ငံ့ရိက္ခာဖူလုံရေးအပြင် ပို့ကုန် အဖြစ် တင်ပို့နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်သဖြင့် COVID အလွန် ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အခွင့်အလမ်းလည်း များစွာ ရှိနေပါကြောင်း၊ COVID ကာလတွင် ရောဂါကာကွယ် ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံအသီးသီးတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြ သော်လည်း မြန်မာနိုင်ငံ အနေဖြင့်ပြည်သူသာလျှင် အဓိကဆိုသည့် ပြည်သူလူထု အခြေပြုသည့် စနစ်ကို ကျင့်သုံးဖော်ဆောင်လျက်ရှိပါကြောင်း၊ အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နေသည့်အတွက် မြန်မာနိုင်ငံ အခြေအနေသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကောင်းမွန် သည်ဟု ပြောနိုင်ပါကြောင်း ဆွေးနွေး တင်ပြသည်။



ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဆက်အောင်က COVID – 19 ဒဏ်ကို တစ်ကမ္ဘာလုံးတွင် ခံစားနေရသည့်အခါ နိုင်ငံတိုင်း ကျန်းမာရေးနှင့် စီးပွားရေးတွင် ထိခိုက်မှုများ ခံစားရပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ယခုလတ်တလောတွင် ဆိုးဆိုးရွားရွား ထိခိုက်မှု မခံစားရသေးသော်လည်း စီးပွားရေးလုပ်ငန်းအများစု ပိတ်ထား ရသည့်အတွက် စီးပွားရေးနှင့်ပတ်သက်၍ထိခိုက်မှု အထိုက်အလျောက် ရှိလာပါကြောင်း၊ တတိယလေးလပတ်နှင့် စတုတ္ထလေးလပတ်တွင် ထိခိုက်မှု ပိုမိုခံစားလာနိုင် ရမည်ဖြစ်သည့် အတွက် ယင်းထိခိုက်မှုများ သက်သာနိုင်စေရန် စတင်၍ စီမံချက်များ ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ စီမံချက်များ ရေးဆွဲသည့် အဓိကရည်ရွယ်ချက်အနေဖြင့် သက်ဆိုင်ရာ ဌာနများမှ လက်လှမ်းမီသည့် လုပ်ငန်းစဉ်များကို သီးခြားအစီအစဉ်များဖြင့် ဆောင်ရွက်မည့် အစား ထိရောက်သည့် မူဝါဒ လမ်းညွှန်ချက်များနှင့် လုပ်ငန်းစီမံချက် အတိအကျ အသေးစိတ် လုပ်ငန်းစီမံချက်များ ချမှတ်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာဌာနများ ပေါင်းစပ်၍ စီးပွားရေး ထိခိုက်မှု သက်သာရေး ဦးတည်ချက်တစ်ခုတည်းကို ဆောင်ရွက်မည် ဆိုပါက ပိုမိုထိရောက်သည့် အကောင်အထည်ဖော်မှုကို ဖြစ်ပေါ်နိုင်မည် ဖြစ်ပါကြောင်း။



ထို့ကြောင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)ကို အမြန်ဆုံး ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်း CERP တွင်ပါဝင်သည်မှာ အဓိက ကာလတို လုပ်ငန်းစီမံချက်များဖြစ်ပါကြောင်း၊ ကာလတို စီမံချက်များသည် အသေးစိတ် စီမံချက်များ ဖြစ်၍ ကျယ်ပြန့်သည့် စီမံချက်များဖြစ်ပါက အကောင်အထည် ချက်ချင်းဖော်၍ မရပါကြောင်း၊ ကျယ်ပြန့်သည့် စီမံချက်များကို အကောင်အထည်ဖော်မည်ဆိုပါက အသေးစိတ်ဖြစ်စေရန် စီမံချက်အခွဲများကို ပြန်လည် ရေးဆွဲရပါကြောင်း၊ ယင်းစီမံချက် အခွဲများကို အသေးစိတ်ရေးဆွဲပြီးမှသာ အကောင်အထည်ဖော်၍ ရပါကြောင်း၊ အသေးစိတ် လုပ်ငန်းစဉ် တစ်ခုချင်းစီကို တာဝန်ခံဝန်ကြီးဌာနများ ဖော်ထုတ်ထားပါကြောင်း၊ ထို့ပြင် စောင့်ကြည့်စစ်ဆေးမှု အခန်းတွင်လည်း လုပ်ငန်းစဉ် တစ်ခုချင်းစီကို တာဝန်ခံလုပ်ရမည့် တာဝန်ခံဝန်ကြီးဌာနနှင့်အတူ မည်သည့်အချိန်တွင် မည်မျှအနည်းဆုံးဆောင်ရွက်ပြီး ဖြစ်ရမည်၊ မည်မျှ အကောင်အထည်ဖော်ပြီး ဖြစ်ရမည် ဆိုသည့် အချိန်ဇယားကိုလည်း တင်ပြထားခြင်း ဖြစ်ပါကြောင်း။


ထို့ပြင် ယင်းလုပ်ငန်းစီမံချက်များအနေဖြင့် ကျယ်ပြန့်သည့် မေခရို စီးပွားရေး ကဏ္ဍ တစ်ခုတည်းကို ဦးတည်ခြင်းမဟုတ်ဘဲ အဓိက ပိုမိုအသေးစိတ်ကျသည့် ပုဂ္ဂလိက လုပ်ငန်း များကိုလည်း ဦးတည်ပါကြောင်း၊ အသေးစိတ်ကျသည့် အိမ်ထောင်စုများ၊ အလုပ်သမား လူတန်းစားများ၊ တောင်သူလယ်သမားများ စသည့်အသေးစိတ်ကျသည့် အုပ်စုများကိုလည်း တိုက်ရိုက်အကျိုးရှိစေရန် ဦးတည်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ညွှန်းကိန်းတစ်ခုဖြစ်သော GDP တိုးတက်စေရန် GDP အဓိက အစိတ်အပိုင်းများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ အိမ်ထောင်စုများ၏စားသုံးမှု၊ နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များ တိုးမြှင့်ခြင်းဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ GDP အစိတ်အပိုင်းများ အားကောင်းစေရန် အဓိကစီမံချက်များစွာ ပါရှိပါကြောင်း၊ ယင်းထက် ပိုမိုအရေးကြီးသည်မှာ ဘဏ္ဍာရေးနှင့်ဆိုင်သည့် လှုံ့ဆော်မှုများ၊ ငွေကြေး မူဝါဒ ဆိုင်ရာ လှုံ့ဆော်မှုများနှင့်ပတ်သက်သည့် စီမံချက်များကိုလည်း အသေးစိတ် ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ လုပ်ငန်းစီမံချက်များသည် ဘတ်ဂျက်သုံးစွဲရမည့် စီမံကိန်းများဖြစ်သည်မှာ မှန်ပါကြောင်း၊ သို့သော်ဘတ်ဂျက်ကို ကြုံသလိုသုံးမည့်အစား ရရှိလာသည့် ဘတ်ဂျက်ငွေကြေးကို ထိရောက်စွာ လုပ်ငန်းစီမံချက်ချမှတ်၍ သုံးစွဲမည်ဆိုပါက ထိရောက် သည့် အကောင်အထည်ဖော်မှု ဖြစ်လာမည် ဖြစ်သည့်အတွက် စီမံကိန်းများကို ရေးဆွဲရခြင်း ဖြစ်ပါ ကြောင်း။


ယင်းလုပ်ငန်းစီမံချက်များ ရေးဆွဲသည့်အချိန်သည် အနည်းငယ်စော၍ လုပ်ငန်းစဉ် တစ်ခုချင်းစီကို မည်မျှသုံးစွဲနိုင်မည်ကို မခန့်မှန်းနိုင်သေးပါကြောင်း၊ သို့သော် ရသည့် ငွေကြေးပမာဏ အပေါ်တွင် တစ်ဆင့်ပြီး တစ်ဆင့် သုံးစွဲနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များကို ရေးဆွဲထားပါကြောင်း၊ ဥပမာအနေဖြင့် အိမ်ထောင်စုများ ငွေကြေးထောက်ပံ့ခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို သက်သာသည့်ချေးငွေ ပေးခြင်းတို့ကို ရသည့် ငွေကြေး ပမာဏ နှင့် ဦးစွာစတင်လုပ်ဆောင်၍ ရပါကြောင်း၊ ပြီးမှသာ ငွေကြေးပမာဏရသည့်အပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်၍ ရနိုင်သည့် စီမံကိန်းများကို ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။


နိုင်ငံတကာ အဖွဲ့အစည်းများက အထောက်အပံ့အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ဒသမ မှ ဘီလီယံခန့်အထိ ကမ်းလှမ်းထားပါကြောင်း၊ ထို့ပြင် ၂၀၁၉ - ၂၀၂ဝ ဘတ်ဂျက်မှနေ၍ ရနိုင်သမျှ ထုတ်ယူနိုင်သည့် အစီအစဉ်များကိုလည်း အကောင်အထည်ဖော် ထားပါကြောင်း၊ CERP တွင် ရေးဆွဲ ထားသည်မှာ ဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်းခန့် ထုတ်ယူမည်ဟု ရေးထား သော်လည်း တကယ်တမ်း ၁၀ ရာခိုင်နှုန်း ထုတ်ယူရန် ပြောခြင်း မဟုတ်ပါကြောင်း၊ ၁၀ ရာခိုင်နှုန်းကို အမြင့်ဆုံးထားပြီး ထုတ်မည်ဟူ၍ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင်လည်း ၎င်းတို့၏ အရေးကြီးသည့် လုပ်ငန်းစဉ်များ ကျန်ရှိပါကြောင်း၊ ထို့ကြောင့် ဦးစားပေးသည့် လုပ်ငန်းစဉ်များ၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး လုပ်ငန်းစဉ်များခွဲထုတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အတိအကျ အသေးစိတ်ညှိနှိုင်း ပြီးမှသာ ၎င်းတို့ဆီမှ ထုတ်ယူနိုင်သည်ကို ထုတ်ယူခြင်း ဖြစ်ပါကြောင်း၊ ပျှမ်းမျှအနေဖြင့် ဒသမ ရာခိုင်နှုန်းခန့် ဘတ်ဂျက်မှ ထုတ်ယူပါကြောင်း၊ ယင်းသို့ ထုတ်ယူပြီးချက်ချင်း သုံးစွဲရန်လည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ချက်ချင်း အကောင်အထည်ဖော်မှု များလည်း စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ COVID - 19 စီးပွားရေးထိခိုက်မှုကို သက်သာ စေရေးစီမံချက်တွင် ပါဝင်သည့် လုပ်ငန်းစဉ်များသည် ရေတို စီမံချက်များ၊ ကာလတိုစီမံချက်များ ဖြစ်သည့်အတွက် ရေရှည်စီမံချက်၊ ကာလရှည်စီမံချက်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံချက် MSDP နှင့် ချိတ်ဆက်ရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ချိတ်ဆက်ရာတွင် ရေတို စီမံကိန်းနှင့် ရေရှည်စီမံကိန်းသည် တစ်ခါတစ်ရံတွင် ချိတ်ဆက် သည့်အခါ အကောင် အထည်ဖော်မှုများသည် အနည်းငယ် ရှုပ်ထွေးမှု ရှိလာနိုင်သည့်အတွက် ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ထပ်မံ၍ စီးပွားရေးနလံထူရေး စီမံချက်ကို လိုအပ်ပါက ရေးဆွဲရန်လည်း စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ စတင်၍လည်း ရေးဆွဲနေပြီ ဖြစ်ပါ ကြောင်း။


CERP တွင်ရှိသည့် ရေတို စီမံချက်သည် ဌာနတစ်ခုချင်းစီ သီးခြားဆောင်ရွက် နိုင်ပါကြောင်း၊ သို့သော် ဌာနတစ်ခုချင်းစီ သီးခြားဆောင်ရွက် နိုင်သော်လည်း ယင်းဌာန အကုန်လုံးသည် ပန်းတိုင် တစ်ခုတည်းကို ဦးတည်နေခြင်း ဖြစ်ပါကြောင်း၊ ဌာနတစ်ခုချင်းစီ သီးခြားဆောင်ရွက်ခြင်းထက် ဌာနများ အားလုံးချိတ်ဆက် ဆောင်ရွက်မှလည်းရမည့် လုပ်ငန်းစဉ်များ ပိုမိုပါဝင်လာမည်ဖြစ်ပါ ကြောင်း၊ ဌာနများချိတ်ဆက်၍ ဆောင်ရွက်သည့် လုပ်ငန်းစဉ်သာမက ဌာနများမှ လုပ်ကိုင်နေသည့် လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ စီမံချက် များဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပါဝင်လာမည် ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် COVID – 19 ကပ်ဆိုးကို ခံစား နေရသည့်အချိန်တွင် အဆိုးထဲမှ အကောင်းမှာ နိုင်ငံတော်နှင့်ပြည်သူများအကြားတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း လာသည်ကို တွေ့ရပါကြောင်း၊ ဌာနအချင်းချင်း အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်း လာသည်ကိုတွေ့ရှိရပါကြောင်း၊ Electronic ဆက်သွယ်မှု နည်းပညာဖြစ်သော video call များ video conference များ၊ အဓိက အရေးကြီးသည့် အွန်လိုင်း အရောင်းအဝယ်များ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ Electronic ငွေပေးချေမှု စနစ်များ ဖြစ်သော Mobile ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပို၍အားကောင်းလာသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ပြင် ဌာနအသီးသီးအနေဖြင့် ယခင် က server များထောင်၍ network ကြိုးများ ချိတ်ဆက်ဆောင်ရွက်နေခြင်းထက် cloud ကနေတစ်ဆင့် laptop များ၊ မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်၍ အဆင်ပြေပြေ ဆောင်ရွက်လာသည် ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကိုဗစ်ကာလ အလွန်တွင် နည်းပညာသုံးစွဲမှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည့် အပြင် တိုးတက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် လူ့အသက်ဆုံးရှုံးမှုမများသော်လည်း စီးပွားရေးအရ ထိခိုက်မှုများမှာ သိသိသာသာ ကြုံတွေ့ နေရပါကြောင်း၊ ရောဂါကူးစက်မှုကြောင့် ပြည်ပနှင့် ဆက်သွယ် ဆောင်ရွက် နေသည့် အပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အကန့်အသတ်များ ရှိလာသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင် နေရပါကြောင်း။


COVID-19
အစပိုင်းတွင် လုပ်သားအခြေပြု လုပ်ငန်းများဖြစ်သည့် CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် MSME နယ်ပယ်ရှိ ကဏ္ဍပေါင်းစုံများမှာ အများဆုံး ထိခိုက်ပါကြောင်း၊ ဝယ်လိုအားများ ကျဆင်းလာပြီး လုပ်ငန်းများ၏ ဝင်ငွေထိခိုက်လာပါကြောင်း၊ ငွေသားစီးဆင်းမှုများ ကျပ်တည်းလာပြီး လုပ်သားများ အလုပ်လက်မဲ့ အခြေအနေဖြစ်ပေါ်လာပါကြောင်း၊ ထို့ပြင် အခြားနိုင်ငံများ၌ COVID-19 သက်ရောက်မှုများကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြသော ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင်းသို့ အများအပြား ရောက်ရှိလာပါကြောင်း။


UMFCCI Covid-19 Task Force ကို မတ်လတွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၊ ညီနောင် အသင်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ လူမှုရေးကိစ္စနှင့် ကျန်းမာရေးကိစ္စများကို စီးပွားရေး ရှုထောင့်အစုံမှ တတ်နိုင်သမျှ လစ်ဟာမှုမရှိစေရန် ကူညီဆောင်ရွက်မှုများရှိပါကြောင်း၊ အခြေခံ စားသောက်ကုန် များ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိ စေရေးမှာ အင်မတန်အရေးကြီးသည့်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်မှုဇုန်များရှိ အလုပ်သမားများ၊ ဝန်ထမ်းများ၊ အခြေခံ လူတန်းစားများကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာ ဖြန့်ဖြူး ထောက်ပံ့သည့် အစီအစဉ် များတွင် လှူဒါန်းခြင်းနှင့် ပါဝင်ကူညီဆောင် ရွက်ပေးခြင်းများလည်း လုပ်ဆောင်ခဲ့ ပါကြောင်း။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ လှူဒါန်းရန် ရန်ပုံငွေထူထောင်ခြင်း၊ အလှူရှင်များအား စည်းရုံးတိုက်တွန်းခြင်း လုပ်ဆောင် ခဲ့သည့်အပြင် စီးပွားရေး လုပ်ငန်းများနှင့် စက်ရုံ အလုပ်ရုံများတွင် COVID-19 ရောဂါ မပြန့်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြည်သူ့ကျန်းမာရေး အသိပညာပေးဌာနနှင့် ပူးပေါင်း၍ လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် စည်းရုံး ဆောင်ရွက် ခဲ့ ပါကြောင်း။


COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုရှိနေသည့် ပကတိအခြေအနေမှန်ကို သိရှိနိုင်ရန်နှင့် နိုင်ငံတော်သို့ အကြံပြုချက်များ ပြုစုပေးပို့နိုင်ရန် လုပ်ငန်းအသီးသီးရှိ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူ များနှင့် အသေးစိတ် ဆွေးနွေးပြီး Impact Assessment ကို ပြုစုလျက်ရှိပါကြောင်း၊ မကြာသေးမီ ကာလက UMFCCI COVID-19 Social & Economic Stimulus Proposal ကိုလည်း နိုင်ငံတော်သို့ တင်ပြပြီး လမ်းညွှန်မှုခံယူထားပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ရပ်လုံး ပါဝင်ပြီး COVID-19 ကာလနှင့် COVID-19 အလွန် ကာလများတွင် စီးပွားရေးပြန်လည် နိုးထလာစေရန်နှင့် လိုအပ်သည့် ပြုပြင် ပြောင်းလဲရေးများ လုပ်ကိုင်နိုင်ရန် ဖော်ထုတ်ဆွေးနွေးနိုင်မည့် UMFCCI Webinar Series များကိုလည်း ထုတ်လုပ် တင်ဆက်သွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း။


နိုင်ငံတော် အစိုးရက COVID-19 ကာလ အစဖြစ်သော မတ်လတွင် ထိခိုက်မှု ရှိနေသည့် စီးပွားရေး လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၁၀၀ ချေးငွေ အစီအစဉ်သည် မိမိတို့၏ လုပ်ငန်းစဉ်များ အတွက်အကျိုးရှိပါကြောင်း။


ထိခိုက်မှုရှိသည့် စီးပွားရေးကဏ္ဍစုံတွင် ကျယ်ကျယ်ပြန့်ပြန့် ကုစားပေးနိုင်မည့် CERP ကို နိုင်ငံတော်အစိုးရမှ အလိုအပ်ဆုံးအချိန်တွင် အချိန်ကိုက် ထုတ်ပြန်ခဲ့ခြင်းကို ကုန်သည် စက်မှုအသင်းချုပ်က ကြိုဆိုပါကြောင်း၊ CERP အရ ဘဏ်အတိုးနှုန်းများ လျှော့ချခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းများ ငွေကြေးရရှိနိုင်မှု လွယ်ကူစေရန်အတွက် ဘဏ်လုပ်ငန်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို COVID အကျပ်အတည်းကာလတွင် ဖြေလျှော့ ပေးသည့် အတွက် စီးပွားရေး လုပ်ငန်းများအပေါ် ကောင်းမွန်သည့် ရလဒ်များ ဖြစ်ပေါ်ခဲ့သည်ကိုလည်း မြင်တွေ့နေရ ပါကြောင်း၊ ထို့ပြင် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံ ထုတ်ချေးမည့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးသည် ပြန်လည်ဦးမော့လာမည်ဟု ထင်ပါကြောင်း၊ အသင်းချုပ်အနေဖြင့် CERP အစီအစဉ် အကောင် အထည်ဖော်ရာတွင် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်သွားရန် များစွာဆန္ဒရှိပါကြောင်း။


COVID-19 ကာလအတွင်း လူမှုရေး၊ စီးပွားရေးများ ထိခိုက်မှုရှိသော်လည်း ယခင်က ပြောင်းလဲရန် မလွယ်ကူသည့် လုပ်ထုံးလုပ်နည်းများ၊ အလေ့အထများသည် COVID-19 ကာလ အတွင်း၌ ပြောင်းလဲနိုင်ခဲ့ခြင်းများ ရှိပါကြောင်း၊ အထူးသဖြင့် Digitalization အပိုင်းတွင် Online Payment နှင့် E - Commerce တို့သည် သိသာ ထင်ရှားသော ပြောင်းလဲမှု ရလဒ်ကောင်း များဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် Online Video Conferencing ပြုလုပ်ပြီး တိုက်ရိုက်တင်ပြပြောဆိုခွင့် အခွင့်အရေးမျိုးသည် COVID-19 ကာလအဆိုးများကြားမှ ကောင်းသည့်အချက်တစ်ချက်ဖြစ်ပါကြောင်း။


ထိုအခြေအနေများကို အခွင့်အလမ်းတစ်ရပ်အနေဖြင့် ခံယူပြီး စီးပွားရေး လုပ်ငန်းများ အတွက် အဟန့်အတား ဖြစ်စေသည့် ပြောင်းလဲရန် ခက်ခဲနေသည့် မူဝါဒများ၊ ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း များကို ယခုအချိန်တွင် ပြုပြင်ပြောင်းလဲမည်ဆိုပါက အင်မတန် ကောင်းမွန်သည့် အချိန်ဖြစ် ပါကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ပြုလုပ်လိုပါက အဓိကအခက်အခဲ ဖြစ်နေသော မြေယာအသုံးချခွင့်များကို ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း။


စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နိုင်ရေး ဦးစားပေး ကဏ္ဍများ ရွေးချယ်သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းများ စသည့် အမြန်ဆုံး ပြန်လည် ဦးမော့လာနိုင်မည့် လုပ်ငန်းများကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်၍ ပံ့ပိုးရန် လိုအပ်သကဲ့သို့ MSME လုပ်ငန်းများကိုလည်း ချက်ခြင်း အကျိုးသက်ရောက်မှုရှိမည့် မူဝါဒများချမှတ်ပြီး ပံ့ပိုးမှုများ ပေးရန် လိုအပ်မည်ဖြစ် ပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရအသုံးစရိတ်ကို နိုင်ငံတော်အတွက် အဓိက လိုအပ် နေသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းအားဖြင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများအား အထောက်အကူပြုစေမည် ဖြစ်သကဲ့သို့ အလုပ် အကိုင်အခွင့်အလမ်း များကိုလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း။


အထူးသဖြင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများသည် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အထိုက်အလျောက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိ သူများပါဝင်သည့်အတွက် ၎င်းတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအလိုက် လုပ်ငန်း ကဏ္ဍအသီးသီးတွင် အဆင်သင့် အသုံးပြုနိုင်ရန် ၎င်းတို့၏ကျွမ်းကျင်မှုကို စစ်တမ်း ကောက်ယူပြီး ကျွမ်းကျင်ရာ အလုပ်အကိုင်များ ရရှိစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။


ထို့ပြင် တာဝန်ယူမှုရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဆွဲဆောင်ရာတွင် အခြားနိုင်ငံများနည်းတူ မက်လုံးပေးဆွဲဆောင်ခြင်းအပြင် ရင်းနှီးမြှုပ်နှံမှု အပေါ် ဥပဒေအရ ပြဋ္ဌာန်း ထားသည့်အတိုင်း အာမခံချက်ပေးခြင်း၊ ထိထိရောက်ရောက် အကာအကွယ်ပေးခြင်း အစီအစဉ်များ ကို လက်တွေ့ကျကျ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
COVID
ကာလအတွင်းနှင့် COVID အလွန်ကာလတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးအတွက် ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် အကြံပြုချက်အချို့ကို ထပ်မံတင်ပြလိုပါကြောင်း၊ ပထမအချက်မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးတက် လာစေရန်နှင့် စီးပွားရေး လျင်လျင်မြန်မြန် ပြန်လည်ဦးမော့လာနိုင်ရန်အတွက် နိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်းများ အကောင်အထည်ဖော် နိုင်ရေး အစိုးရမှ အထူးချေးငွေ အစီအစဉ်များနှင့် နိုင်ငံတကာ ချေးငွေအစီအစဉ်များအပေါ် အာမခံပေးရန် ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ ဘဏ်များနှင့် ပြည်တွင်း၌ လာရောက်ဖွင့်လှစ်သည့် ဘဏ်များမှ ငွေကြေး လွယ်လွယ်ကူကူချေးနိုင်ရန် Guarantor အဖြစ်ဆောင်ရွက်ပေးမည်ဆိုပါက ငွေကြေး အရင်းအနှီး ပိုမိုရရှိမည် ဖြစ်ပါကြောင်း။


ဒုတိယအချက်မှာ ကာလလတ်တွင် စီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့် ကာလရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများရေးဆွဲရာတွင် ပုဂ္ဂလိကကဏ္ဍများ၏ အကြံပြု တင်ပြချက်များကို ထည့်သွင်း စဉ်းစားပေးရန်ဖြစ်ပါကြောင်း၊ တတိယအချက်မှာ ပို့ကုန် တိုးမြှင့်ရေးဘုတ်အဖွဲ့ကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းရန်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို တွန်းအားပေး ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စတုတ္ထအချက်မှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ပြည်တွင်းရှိ နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ပြန်လည် အားကောင်းလာစေရေး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ဦးစားပေး မြှင့်တင်ရန်နှင့် မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တခြားနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်၍ ထုတ်လုပ် ရောင်းချမည်ဆိုပါက စက်ရုံများပိုမို၍ ဖွင့်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်များ များစွာ ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် COVID ကာလအတွင်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးနိုင် မည့် အစီအစဉ်ထားရှိရန် တို့ကို အကြံပြုတင်ပြလိုပါကြောင်း၊ Public Pravite Partnership Dialogue ကို များများဆောင်ရွက်ပြီး အကြံဉာဏ်များ၊ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ ဝန်ကြီးဌာနများပေါင်းစပ်၍ အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိမိနိုင်ငံတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။


ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရင်းနှီး မြှုပ်နှံမှုဘက်နှင့် ယခုစီးပွားရေးအခြေအနေ၊ ကိုဗစ်ဖြစ်နေသော်လည်း မိမိတို့၏ ယခုနှစ် စီးပွားရေး မျှော်မှန်းချက် များသည် ယခုထိ သိသိသာသာ မထိခိုက်သေးပါကြောင်း၊ ယခင်နှစ်က ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုပါက ယခုနှစ်ဝက်ကျိုးအချိန်တွင် ယှဉ်နိုင်သည့် အနေအထားရှိနေပါကြောင်း၊ စီးပွားရေးသည်ယခုထိ သိသိသာသာ မဆုတ်ယုတ်သေးပါကြောင်း၊ သို့သော် ပြည်သူများ အလုပ်လက်မဲ့ ဖြစ်သွားခြင်းများ ရှိသည်ကို သတိပြုမိပါကြောင်း၊ တစ်ချို့လုပ်ငန်းများသည် ကိုဗစ်ရောဂါကြောင့် ဆက်လက် မလည်ပတ် နိုင်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ကိုဗစ်သည် အရေးပေါ်ကိစ္စ ဖြစ်သည့်အတွက် အရေးပေါ်ကိစ္စရပ် တစ်ခုကဲ့သို့ ကိုင်တွယ်ချည်းကပ်ရပါကြောင်း၊ သို့သော် ရေရှည်လည်းကြည့် ရပါကြောင်း၊ မိမိထပ်တလဲလဲ ပြောနေသည်မှာ ရေတို၊ ရေရှည် ဖြစ်ပါကြောင်း၊ ပြဿနာရပ်များကို ချက်ချင်းလက်ငင်း ကျော်လွှားနိုင်ရမည်ဖြစ်သော်လည်း နောင်အကျိုးဆက်များအတွက် အဆင်သင့် ဖြစ်ရမည် ဖြစ်ပါကြောင်း။


ယခုချက်ချင်း ဖြစ်ပေါ်နေသည့်ကိစ္စရပ်များအပေါ်တွင်ပင် အာရုံစိုက်၍ နောင်အတွက် မကြည့်ပါက ပြဿနာများ ထပ်၍တက်လာနိုင်ပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ စီးပွားရေး နလံထူရေးအတွက် များစွာအရေးကြီးပါကြောင်း၊ အရေးပေါ်ကလည်း အရေးကြီးပြီး နလံထူရေးသည်လည်း အရေးကြီး ပါကြောင်း၊ အရေးပေါ်နှင့် နလံထူရေးသည် မတူညီပါ ကြောင်း၊ အရေးပေါ်သည် တစ်ဖက်မှ ယခုချက်ချင်း လက်ငင်း မိမိတို့၏ ပြည်သူများကို ထိခိုက်မှုများ နည်းနိုင်သမျှနည်းစေရန် ဆောင်ရွက်ရပါကြောင်း၊ ဖြစ်စေချင်သည်မှာ လုံးဝ မထိခိုက် စေချင်ပါကြောင်း၊ သို့သော် လုံးဝမထိ ခိုက်စေရန် ကာကွယ်၍ မရပါကလည်း အနည်းဆုံး ထိခိုက်စေရန် ဆောင်ရွက်ရပါကြောင်း၊ ယင်းမှာ အရေးပေါ် ကာကွယ်ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်ကဲ့သို့ ကာကွယ်၊ ထိန်းချုပ်ပြီး မကူးစက်စေရန် ဆောင်ရွက်ရ ပါကြောင်း၊ ယင်းနှစ်ခုစလုံးကိုမိမိတို့၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်မှ အဓိကအာရုံစိုက် တာဝန်ထမ်းဆောင်ရသည့် ပုဂ္ဂိုလ်ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေးဆိုသည်မှာ ပြည်သူများသာ အဓိကဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားရေးဆိုသည်မှာ ပြည်သူများအတွက်ပင် ဖြစ်ပါကြောင်း၊ စီးပွားရေးဘက်မှ ပြည်သူများမထိခိုက်စေရန် မည်သို့ တုံ့ပြန်မှုများ ပြင်ဆင်ထားပြီး ရေရှည်တွင် ထိခိုက်မှုများ ကျော်လွှား၍ နလံထူနိုင်စေရန်နှင့် နလံထူနိုင်စေရန် သာမက ရေရှည်တွင် ယခင်ကထက်ပိုမို ကျန်းမာသန်စွမ်း ရှိနိုင်စေရန် မည်သို့ စဉ်းစား ထားသည်ကို သိရှိလိုပါကြောင်း။


COVID-19 ကို အကြောင်းပြုပြီး နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့နှင့် အချို့နိုင်ငံ များက ငွေချေးလာခြင်းများရှိလာပါကြောင်း၊ ယင်းကို အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း၊ ချေးယူပြီးသွား ပါက သုံးစွဲမှုအပိုင်းသည် မိမိတို့အပေါ်တွင် မူတည်ပါကြောင်း၊ ယင်းချေးငွေ များကို သုံးစွဲသည့်အခါ ရေတို၊ ရေရှည် နှစ်ခုစလုံးကို ကြည့်၍ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ယခု COVID ရေတိုအတွက် သုံးလိုက်ရန် မဟုတ်ပါကြောင်း၊ COVID အတွက် ရေတိုအတွင်း မထိခိုက်အောင် သုံးသည့်နေရာတွင် ရေရှည်အတွက်ပါ အရှိန်ပါသွားအောင် သတိထားရမည် ဖြစ်ပါကြောင်း၊ ယခုအရေးပေါ်အတွက် စီစဉ်ထားသည့် အခြေအနေများနှင့် နောင်ရေရှည် ဖွံ့ဖြိုးရေးအတွက် စီစဉ်ထားသည့် အခြေအနေများ၏ အချိတ်အဆက် မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ဒုတိယလှိုင်းကခက်မည်ဟု မိမိ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် သတိပေးထားပါကြောင်း၊ ကျန်းမာရေးနှင့်စီးပွားရေးမှာ ခွဲခြား၍ မရပါကြောင်း၊ ကျန်းမာရေး ထိခိုက်ပါက စီးပွားရေးထိခိုက်မှုရှိမည်ဖြစ်ပြီး စီးပွားရေးထိခိုက်ပါက ကျန်းမာရေးအတွက် ထောက်ပံ့ပေးရန် အစီအစဉ်များ ခက်ခဲသွားနိုင်ပါကြောင်း၊ ပြည်သူသည်သာ အဓိကဖြစ်ပါကြောင်း၊ ယင်းနောက်တွင် ညီညွတ်ရေးဖြစ်ပါကြောင်း၊ ပြည်သူတစ်ယောက်ချင်း၏ အင်အားကို စုစည်းပြီး ညီညီညွတ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြန်လည်ဆွေးနွေး သုံးသပ် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များအပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း စီးပွားရေးနှင့် ပတ်သက်၍ အမြင်နှင့် ကြိုးပမ်းမှုများကို တင်ပြသည့်အခါတွင် နှစ်ဖက်ကြားတွင် ကွာဟမှု ကြီးကြီးမားမား မရှိပါကြောင်း၊ မိမိတို့အားလုံး ဦးတည်ချက်သည် တူညီပါကြောင်း၊ အရေးကြီးသည်မှာ ဦးတည်သည့်စေတနာ တူညီရမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး တူညီသည့်စေတနာမှာ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေလိုခြင်း ဖြစ်ပါကြောင်း၊ ခဏအတွက် မဟုတ်ဘဲ ရေရှည်အတွက် ဖွံ့ဖြိုးတိုးတက်စေလိုပြီး ရေရှည် ထိန်းသိမ်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေလိုပါကြောင်း၊ ယင်းကို တစ်ယောက်နှင့်တစ်ယောက် မည်သို့မျှ စိတ်ဝမ်းကွဲခြင်းမရှိပါကြောင်း၊ နောက်ဆုံးတွင် အားလုံးအနေဖြင့် တိုးတက်မှုကို မျှော်ကိုးကြပါကြောင်း။



မည်သည့်ပုံစံဖြင့်သွားမည်ကို အမြင်မတူခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ အမြင် မတူညီခြင်းသည်လည်း ကောင်းမွန်ပါကြောင်း၊ အမြင်တစ်ခုတည်းရှိပါက မှားယွင်းမှု ဖြစ်ပေါ်ပါက အားလုံးမှားယွင်းသွား မည်ဖြစ်ပါကြောင်း၊ တစ်ခါတစ်ရံတွင် အဖြေတစ်ခုတည်း အမှန် ဟု မသတ်မှတ်သင့်ပါကြောင်း၊ မှန်သည့်အဖြေသည် တစ်ခုမက ရှိနိုင်ပါကြောင်း၊ ယင်းမှန်သည့် အဖြေများထဲမှ အကောင်းဆုံးကို ရွေးချယ်ရပါကြောင်း၊ တစ်ခြားနိုင်ငံအတွက် အကောင်းဆုံးသည် မိမိတို့နိုင်ငံအတွက် အကောင်းဆုံး ဖြစ်ချင်မှဖြစ်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အရင်းအမြစ်၊ နိုင်ငံ၏အနေအထားကို ကြည့်၍ ရွေးရပါကြောင်း၊ အရေးကြီး သည်မှာ ပြောင်းလဲသင့်သည့်အချိန်တွင် ပြောင်းရဲရမည်ဖြစ်ပါကြောင်း၊ မည်သည့်အချိန်တွင် ပြောင်းသင့်သည်ကို သုံးသပ်၍ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရမည်ဖြစ်ပါကြောင်း။



မိမိတို့နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သော်လည်း မိမိတို့ထက်ချမ်းသာသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကိုဗစ်ကာလတွင် ပြည်သူအတွက် လုပ်ပေးနိုင်ခြင်း များစွာရှိပါကြောင်း၊ နံပါတ်() အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်၊ အလုပ်သမားများနှင့် ပြည်သူအားလုံးသည် ပူးပေါင်းဆောင်ရွက်ပြီး တက်ညီ လက်ညီရှိသည့်အတွက်လည်းဖြစ်ပါကြောင်း၊ စီမံဘဏ္ဍာဝန်ကြီးဌာန၏ တာဝန်သည် နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ မယိုင်လဲသွားစေရန်အတွက် ဘဏ္ဍာရေးအခြေအနေ အရေးပေါ် လိုအပ်လာသည့်အခါ ခိုင်ခိုင်မာမာဖြင့် ပြည်သူ့အတွက် ရပ်တည် နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း များစွာ ပူးပေါင်း ဆောင်ရွက်ကြပါကြောင်း၊ စေတနာတူ၊ ဦးတည်ချက်တူပါက အမြင်မတူသည်ကို ညှိနှိုင်းရသည်မှာ မခက်ပါကြောင်း၊ အစိုးရဌာနအများစုက ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။


ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ယခုနှစ်တွင် ဆိုးရွားစွာ မဖြစ်ပေါ်သေးပါကြောင်း၊ ပထမလေးလပိုင်း တွင် ထိခိုက်မှု မရှိဘူးဆိုခြင်းမှာ အံဩစရာမဟုတ်ပါကြောင်း၊ ယခု ဒုတိယလေးလပတ် ဝင်ရောက် လာပြီဖြစ်ပါကြောင်း၊ ဒုတိယ လေးလပတ်ထဲတွင် အနည်းငယ် ဖြစ်ပေါ်လာပါကြောင်း၊ သို့သော် အများဆုံးဖြစ်ပေါ်မည့် တတိယ လေးလပတ်အတွက် ပြင်ဆင်ထားသည်ကိုလည်း ပြည်သူများကို ပြောကြားလိုပါကြောင်း၊ ရင်ဆိုင်စရာများ ရှိသေးသည်ကိုလည်း ပြည်သူများကို ကြုံကြိုက်သည့် အခါတိုင်း သတိပေးပါကြောင်း၊ ယင်းကို ကြောက်စရာမလိုသကဲ့သို့ စိုးရိမ်လွန်စရာလည်း မလိုပါကြောင်း၊ ရင်ဆိုင်စရာရှိသည်ကို ရင်ဆိုင်ရန်သာလိုပါကြောင်း၊ အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းရန်သာဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ခြင်းကိုလည်း မိမိအနေဖြင့် နားလည်နိုင် ပါကြောင်း၊ စီးပွားရေးဆိုသည်မှာ ဝမ်းစာရေးနှင့် ချိတ်ဆက်နေပါကြောင်း၊ ဦးဇော်မင်းဝင်း အနေဖြင့်လည်း လုံခြုံမှုနှင့်ပတ်သက်၍လည်း ပြောကြားသွားပါကြောင်း၊ ပြင်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများပင် လုံခြုံမှုကို လိုချင်ကြပါကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးကို အမြဲတမ်း အဓိကထားခြင်းမှာ ယင်းကြောင့်ဖြစ်ပါကြောင်း။


တရားဥပဒေစိုး မိုးရေးဆိုသည်မှာ အားလုံးကို လုံခြုံမှုပေးရန် ဖြစ်ပါကြောင်း၊ ဥပဒေ ဆိုသည်မှာ ပြည်သူကို ချုပ်ခြယ်ရန် မဟုတ်ပါကြောင်း၊ တရားဥပဒေဆိုသည်မှာ လူ့အသိုင်း အဝိုင်းတစ်ခုကို လုံခြုံမှုပေးရန်ဖြစ်ပါကြောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုတွင် တည်ငြိမ်မှု ရှိရန်နှင့် သဟဇာတရှိရန် တို့အတွက် တရားဥပဒေစိုးမိုးရေးသည် လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ ဥပဒေများသည် တရားမျှတ၍ အချိန်ကာလနှင့်လည်း သင့်တော် ရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍လည်း မိမိတို့၏ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများသည် တစ်ချိန် တစ်ခါက အဆင်ပြေခဲ့ ခြင်းရှိသကဲ့သို့ မည်သို့မျှ အဆင်မပြေခဲ့ခြင်းများလည်းရှိမည် ဖြစ်ပါကြောင်း၊ မည်သို့မျှ အဆင်မပြေ ခြင်းများကို မြန်ဆန်စွာ ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ယခင်က အဆင်ပြေပြီး ယခု အဆင်မပြေခြင်းကို သုံးသပ်၍ ပြင်သင့်သည်ကို မိမိတို့ ပြင်ဆင်ရမည်ဖြစ်ပြီး ပယ်သင့်သည် ကိုလည်း ပယ်ရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်နှင့် ပတ်သက်၍ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ကျော်လွှားရန် ပြင်ဆင်နေခြင်းများကိုလည်း ပြည်သူများကို သိစေလိုပါကြောင်း။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်စပ်လျဉ်း၍ ပြည်သူများ စိတ်ဝင် စားပြီး သိသင့်သည်ဟုထင်သည့် အချက်များကို မကြာခဏ ဝက်ဆိုက်တွင် ဖြစ်စေ၊ အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန မှတစ်ဆင့် ဖြစ်စေ တိုတိုရှင်းလင်းစွာ ထည့်ပေးမည်ဆိုပါက ပြည်သူများအတွက် အကျိုးဖြစ်ပြီး ဝန်ကြီးဌာနများ ၏ လုပ်ငန်းများအတွက်လည်း အထောက်အကူ ဖြစ်မည်ဟု ထင်မြင်မိပါကြောင်း၊ ဦးဇော်မင်းဝင်းတို့ ဘက်အနေဖြင့်လည်း မိမိတို့နှင့် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပေးသည်ကို ကိုဗစ်ကာလတွင် အထူးသတိပြုမိပါကြောင်း၊ ပံ့ပိုးပေးမှုများ အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ ယင်းသို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက တတိယလေးလပတ်ကိုလည်း မိမိတို့ ကောင်းမွန်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

Credit: Myanmar State Counsellor Office