ပြင်ပသတင်းများ






နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ လှူဒါန်းငွေများနှင့်ပတ်သက်၍ လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားရာ၌ -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆေးရုံ/ ဆေးခန်း၊ အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ထည့်ဝင်လှူဒါန်း သောအလှူငွေများကို ဝန်ကြီးဌာနကိုယ်စား လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊
• မိမိအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ လျင်မြန်စွာ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊
• COVID-19 ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က -
• ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တစ်ထောင့်တစ်နေရာမှ ဒုတိယအကြိမ် လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊
• ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓသာသနိက အဆောက်အဦများတွင်လည်း အသွားအလာ ကန့်သတ်စောင့်ကြည့်သည့်နေရာများ (Quarantine Center) များ ဖွင့်လှစ်၍ လက်ခံ ထားရှိပေးထားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင်လည်း COVID-19 ကုသရေးဌာနကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး COVID-19 ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လိုသည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း (၄၁)ဦး၏ အမည်စာရင်းကိုလည်း ပေးပို့ထားပါကြောင်း၊
• COVID-19 ကူးစက်ဖြစ်ပွားခဲ့သည့် ရဟန်းသံဃာများနှင့် သီလရှင်များကို စောင့်ရှောက် ကုသပေးမှုအတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် -
• ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးကော်မတီ၏ ပံ့ပိုးကူညီမှုကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး အတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ခဲ့ပါကြောင်း၊
• COVID-19 ဒုတိယလှိုင်းအစတွင် ရုတ်တရက် လူနာများပြားလာ၍ ဆေးရုံများတွင် လူနာများထားရှိကုသရန် အခက်အခဲများရှိခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု၊ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရန်ကုန် တိုင်းဒေသကြီး၌ စုစုပေါင်း လူနာပေါင်း (၉,၇၀၀)ခန့်ကို ထားရှိကုသပေးနိုင်သော COVID-19 ကုသရေးဌာန အသစ် (၁၄)ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊
• ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို အခြားနှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
• အထူးသဖြင့် လူများစုဝေးရာ နေရာများဖြစ်သော ဈေးများ၊ ဘုန်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ အကျဉ်းထောင်များတွင် အသိပညာပေးခြင်းနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေးတို့အတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• ထို့အပြင် ရောဂါကူးစက်ဖြစ်ပွားခြင်းခံရပါက ရောဂါပြင်းထန်နိုင်ပြီး သေဆုံးနိုင်ချေ များသော အသက်ကြီးသူများနှင့် ရောဂါအခံရှိသူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်နေထိုင်ခြင်းနှင့် မိမိနေအိမ်တွင်လည်း သီးသန့်နေထိုင်စားသောက်ခြင်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
• COVID-19 ကူးစက်ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ပါဝင် လိုက်နာဆောင်ရွက်မှုသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် လှူဒါန်းငွေများကို လိုအပ်သည့်နေရာများတွင် လိုအပ်သည့်ပစ္စည်း များအတွက် စနစ်တကျ ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
လှူဒါန်းမှု အခမ်းအနားတွင် -
• ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြု၍ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် (၃,၄၄၉,၀၀၀)
• သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် (၁၀,၀၀၀,၀၀၀)၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး၊ အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းအမှုထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ငွေကျပ် (၁,၉၀၀,၀၀၀)၊
• ဇမ္ဗူသီရိမြို့နယ် ပညာရေးဝန်ထမ်းမိသားစုက (၁,၅၀၀,၀၀၀)၊
• ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ဆည်မြောင်းဝန်ထမ်းမိသားစုများက ငွေကျပ် (၁,၀၀၀,၀၀၀)၊
• ဦးခင်မောင်ဦး၊ ဒါရိုက်တာ၊ သုဝဏ္ဏပါဒ ကုမ္ပဏီလီမီတက်က ငွေကျပ် (၅၀၀,၀၀၀) တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။