နေပြည်တော်၊ စက်တင်ဘာ ၄
ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဉီးစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဆွစ်ယှဉ်ပြိုင် တင်ဒါ(Swiss Challenge)ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ Swiss Challenge တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးကျော်မျိုး၊ တင်ဒါကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဉီးဆက်အောင်နှင့် ဦးဗရတ်ဆင်းတို့သည် နေပြည်တော်မှ လည်းကောင်း၊ တင်ဒါကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဉီးရဲမင်းဉီးနှင့် တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် Roland Berger Pte. Ltd. မှ တာဝန်ရှိသူများက ရန်ကုန်မြို့တော်ခန်းမမှ လည်းကောင်း ပါဝင်တက်ရောက်ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက အမှာစကားပြောကြားရာတွင် ယနေ့သည် ရန်ကုန်မြို့ အနောက်ဘက်ကမ်းတွင် ခေတ်မီမြို့သစ် ဖော်ဆောင်နိုင်ရေး ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ခြေလှမ်းသစ်တစ်ရပ်ကို အစပြုမည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန် မြို့တော်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဉီးစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ Covid-19 ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ဆိုးကျိုး သက်ရောက်မှုများ လျော့ပါးစေရေးနှင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီး နိုင်ရေး အထောက်အပံ့ဖြစ်စေမှာ ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီး ဖော်ဆောင်ပေးနိုင်ရေးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ၏ အနှစ်သာရလည်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်စေရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများအပြား ဆွဲဆောင်နိုင်ရန် အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံ အဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး မြန်မာ့အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)၏ ၂၆% ကို ကိုယ်စားပြုလျက်ရှိရာ ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမှာ ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းမှ တစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့်လူနေမှု အဆင့်အတန်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်သော ရန်ကုန်မြို့တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမှာဖြစ်သည့် အပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အတွင်းရေးမှူးနှင့် Roland Berger Pte. Ltd.မှ တာဝန်ရှိသူတို့က ပြည်ထောင်စုဝန်ကြီး ရှေ့မှောက်တွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်းအပ်နှံစာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြသည်။
အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ များပါဝင်မည် ဖြစ်သည်။