ပြင်ပသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြုလုပ်လျက် ရှိပါသည်။

အခမ်းအနားသို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ အရာရှိကြီးများ၊ Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်း မီဒီယာများ စုစုပေါင်း (၁၀၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Euromoney Institutional Investor (Asia) မှ Chief Executive Officer ဖြစ်သူ Mr. Tony Shale မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ ကြပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ စကားဝိုင်းဆွေးနွေးပွဲများကို စတင်ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲများတွင် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာန ဆိုင်ရာများမှအရာရှိကြီးများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ  တက်ရောက်၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံ၏ အလားအလာများ၊ ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍနှင့် အာမခံလုပ်ငန်း ဈေးကွက်များ ဖြေလျော့ပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။    

နေ့လည်ပိုင်းတွင် on-stage interview နှင့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက် ဆွေးနွေးရာ လက်လီရောင်းဝယ်ရေးကဏ္ဍ နှင့် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းများကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ICT-Digital Transformation ၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ Debt and Equity Market နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများ လာရောက်ပြသခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဒေသထွက်ကုန်များ ပါဝင်ကြပါသဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပါသည်။ ဒုတိယနေ့ အစီအစဉ်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။