ပြင်ပသတင်းများ


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အား ဗြိတိန်နိုင်ငံ Parliamentary Under-Secretary of State for International Development ဖြစ်သူ Hon. Baroness Elizabeth Grace Sugg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး H.E. Dan Chugg လိုက်ပါလျက် ယနေ့ နေ့လယ် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၌ တွေ့ဆုံခဲ့ပါသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဗြိတိန်ကိုယ်စားလှယ်အဖွဲ့အား ပြည်ပ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးအတွက် အစိုးရ၏ကဏ္ဍစုံမှ ပြုပြင် ပြောင်းလဲဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှုများ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ်များ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်မှု မြင့်မားရေးအတွက် ဆောင်ရွက်မှုများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် တိုးတက်ရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်မှု အကူ အညီများ အစဉ်အဆက်ပေးအပ်နေမှုအတွက်လည်း ကျေးဇူးတင်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ သည်။


ဗြိတိန်နိုင်ငံ Parliamentary Under-Secretary of State ၊ Hon. Baroness Elizabeth Grace Sugg က ရခိုင်ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားနိုင်ရန် မြန်မာအစိုးရက အားထုတ် ကြိုးပမ်းမှုများအပေါ် အသိအမှတ်ပြု ပါကြောင်း၊ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများအတွက်လည်း ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။