ဆောင်းပါးများ

ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၁ နေရာမှာရှိပြီး အာရှစီးပွားရေးမှာ အဆင့် ၄ နေရာဖြင့် ဦးဆောင် ထားတဲ့ကိုရီးယားသမ္မတနိုင်ငံဟာ အရှေ့အာရှမှာတည်ရှိပြီး တရုတ်၊ ရုရှား၊ ဂျပန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ အဓိကပို့ကုန်များအနေနဲ့ ကိုရီးယားနိုင်ငံမှ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း၊ သင်္ဘောနှင့်ရေယာဉ်ပစ္စည်း၊ ဆက်သွယ်ရေး၊ အီလက်ထရောနစ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ကို တရုတ်၊ အမေရိကန်၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ သွင်းကုန်အနေနဲ့ အထည်အလိပ်၊ ဓါတုပစ္စည်း၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးနှင့် ရေနံထွက် ပစ္စည်းများကို တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဂျာမဏီနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့မှ တင်သွင်းလျက် ရှိပါတယ်။လက်ရှိမှာလည်း ကိုရီးယားနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး အနေအထားရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ရဲ့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်မှ စတင်၍ ထူထောင်ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း၊ အကူအညီနှင့်ချေးငွေ အထောက်အပံ့များ ပေးအပ်ခြင်း၊ ပညာသင်ထောက်ပံ့ပေးခြင်းတို့၌ မြန်မာနိုင်ငံနဲ့ တက်တက်ကြွကြွ ပူးတွဲ ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သွယ်ရေးစာရင်းများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တို ဘာလမှ ဇန်နဝါရီလအထိ ကိုရီးယားနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၄.၅၄ သန်းတင်ပို့ ခဲ့ပြီး ၁၅၂.၂၂ သန်းတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၃၁၆.၇၆ သန်းဖြစ်ပြီး ယခင်နှစ်ထက် ၃၅.၉၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ရော်ဘာစိမ်း၊ ပဲ၊ နှမ်းအများဆုံး တင်ပို့ခဲ့ပြီး စက်နှင့်စက်ပစ္စည်း၊ သတ္တုနှင့် လျှပ်စစ်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးပစ္စည်းများကို တင်သွင်းလျက်ရှိ ပါတယ်။ ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံသည့်နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအဆင့်မှာ နံပါတ် ၆ နေရာတွင်ရှိပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလကုန် အထိ ကိုရီးယားနိုင်ငံမှ လုပ်ငန်း ၁၇၀ ခုလာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ မြှုပ်နှံထားပြီး  ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိက ဆောင်ရွက်လျက် ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ 

ကိုရီးယား SMEs လုပ်ငန်းများအနေဖြင့် ယခင်က တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့တွင် အများဆုံး သွားရောက်ဆောင်ရွက်ကြပြီး ယခုအခါ အဆိုပါနိုင်ငံများ၌ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် အလားအလာနည်းပါးလာတဲ့အတွက် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ စတဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိပါတယ်။ ကိုရီးယားအစိုးရအနေဖြင့် လည်း ၎င်းတို့၏ SMEs များ အင်ဒိုချိုင်းနားနိုင်ငံများသို့ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် New Southern Policy မူဝါဒတစ်ရပ်ချမှတ်၍ ချဉ်းကပ်ကြိုးပမ်းနေချိန်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန်၊ ကိုရီးယား SMEs လုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ၍ နိုင်ငံသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်အခါကောင်းတစ်ရပ်လည်းဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ 

ယခုလိုအချိန်အခါကောင်းမှာ ကိုရီးယားနိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဘို့ အကြောင်းပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ Industrial Bank of Korea (IBK) နဲ့ ကိုရီးယား နိုင်ငံအစိုးရတို့မှ ဖိတ်ကြားချက်အရ ဆိုးလ်မြို့မှာ ၂၀၁၉ ခုနှစ် မေလ ၂၂ ရက်မှ ၂၄ အထိ ကျင်းပခဲ့တဲ့ Myanmar Investment Seminar for Korean SMEs နှင့် Korea Fintech Week 2019 ဖွင့်ပွဲအခမ်းအနားကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ဘဲဖြစ်ပါတယ်။ အဆိုပါ  အဆိုပါခရီးစဉ်ကိုတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်သွားရောက်ခဲ့ တာဖြစ်ပါတယ်။ ကိုရီးယားခရီးစဉ်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနဲ့ အသင်းအဖွဲ့ ကိုယ်စားလှယ်များလည်း  ပါဝင်တက်ရောက်ကြသည့်အတွက် အစိုးရသာမက ပုဂ္ဂလိကကဏ္ဍ၏ တက်ရောက်မှုကိုလည်း  အားရဘွယ်တွေ့ရှိရပါတယ်။ 

မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၂၈၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲကျင်းပတဲ့ Korea Chamber of Commerce and Industry-KCCI ၏ ကွန်ဖရင့်ခန်းမ၌လည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို သိရှိလို၍ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သူများနှင့် ပြည့်ကြပ် နေသည်ကို တွေ့ခဲ့ရပါတယ်။ တက်ရောက်သူများအားလုံးအတွက် အစစအရာရာမလစ်ဟင်းစေဘို့ IBK မှ တာဝန်ယူ၍ စနစ်တကျပြင်ဆင်ထားတာကိုလည်း နမူနာယူဖွယ်တွေ့ခဲ့ရပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ၏ ပွင့်လင်း မြင်သာတဲ့ ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းမူဝါဒများ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး စီမံချက် (MIPP) နဲ့ မြန်မာ့ရေရှည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုအားပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအလားအလာ

လက်ရှိ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် အနောက်ဖက်မှ ရင်းနှီးမြှုပ်နှံမှု များကိုအားပြု၍ မရနိုင်သေးသည့်အနေအထားမှာ အရှေ့ဘက်နဲ့ အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ်ခေါ်သွားဘို့ လိုအပ်နေချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၆ ဖြစ်ပြီး မကြာမီမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်များလည်းရှိနေသည့်အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍမှာ ကိုရီးယားနိုင်ငံဟာ ပိုမိုအရေးပါလာမည့် နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှ Land and Housing Corporation ပါဝင်တဲ့ ဖက်စပ်နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် KMIC Development Co.,ltd မှ အဆင့်မြှင့်စက်မှုဇုန် (Industrial Complex) စီမံကိန်းကို ဖော်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထား တာ ကိုကြည့်မယ်ဆိုရင်လည်း မကြာမီကာလများအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ကိုရီးယား SMEs လုပ်ငန်းအများအပြားဝင်ရောက်လာတော့မှာကို ခန့်မှန်းနိုင်ပါတယ်။ မြန်မာကိုယ်စားလှယ် အဖွဲ့ရဲ့ ကိုရီးယားနိုင်ငံသို့ အချိန်အခါကောင်းမှာ သွားရောက်ခဲ့ရသည့်ခရီးစဉ်မှတစ်ဆင့် ကိုရီးယား အသေးစားနှင့် အလတ်စားကုမ္ပဏီများ စိတ်ဝင်စားကြပြီး အနာဂတ်ကာလ၌  ရင်းနှီးမြှုပ်နှံမှု တိုးတက်ဝင်ရောက်လာစေရေးတို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေမည်ဟု ယုံကြည်မိပါသည်။