ဆောင်းပါးများ

လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုရှိသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်မှသာ နိုင်ငံစုံမှ အရည်အသွေးပြည့်ဝတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးများ ပိုမိုဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီလို ဝင်ရောက်လာဖို့လဲ နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မဟာ ဗျူဟာကောင်းများ ချမှတ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့ စေရေး မဟာဗျူဟာကောင်း ဆိုတာကတော့ ပွင့်လင်းမြင်သာမှု၊ ရိုးရှင်းလွယ်ကူမှုနဲ့ ကြိုတင် ခန့်မှန်းနိုင်မှုဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့အောင် ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အခြေခံ သဘော တရားများနဲ့အညီ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားလွှာများကို သမာသမတ်ကျကျနဲ့ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်အားခသက်သာမှု၊ သယံ ဇာတကြွယ်ဝမှု၊ စျေးကွက်ကြီးမားမှု၊ နေရာဒေသ အချက်အချာကျမှုတို့အပြင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ မက်လုံးများပေးခြင်းဖြင့် ဆွဲဆောင်လျက် ရှိနေပါတယ်။ သို့သော်လည်း ထိုကဲ့သို့ တူညီသော အခြေအနေမျိုးရှိသည့် နိုင်ငံများမှလည်း အလားတူ ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်မှာ ဖြစ်တဲ့အတွက် မိမိတို့နိုင်ငံအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ရမှာ ဖြစ်ပါတယ်။

ထိရောက်ကောင်းမွန်သော ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းဟာ အရေးပါလျက် ရှိနေပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာခြင်းနှင့်အတူ ပြည်တွင်း လုပ်ငန်းများအနေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားအောင် ကြိုးစားခြင်းဖြင့် ပြည်တွင်း၌ သာမက ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်အောင် ကြိုးပမ်း ရမှာလည်း ဖြစ်ပါတယ်။ လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံသူများ အနေနဲ့လည်း မိမိတို့နဲ့ လုပ်ငန်းတူ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ခြင်းကို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအဖြစ် ရှုမြင်ကာ အမိအရဖမ်းဆုပ်ရမှာပဲ ဖြစ်ပါတယ်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူများရဲ့ လုပ်ငန်းများ ပိုမိုတိုးတက်အောင် တွန်းအားပေးနိုင်မှာ ဖြစ်သလို၊ တီထွင်ဆန်းသစ်မှုကို တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဝယ်ယူစားသုံးသူများ အနေနဲ့လည်း မိမိတို့စိတ်ကြိုက် ကုန်စည်နဲ့ဝန်ဆောင်မှုများကို ရွေးချယ်နိုင်မှာဖြစ်ပြီး သင့်တင့်မျှတသော ဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲခွင့် ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းဟာ အရေးပါတဲ့ ဖွံ့ဖြိုးမှု မူဝါဒတစ်ရပ်ဖြစ်တဲ့အတွက်လည်း အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေးပြည့်ဝရုံသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းမှာပါမက ပြည်ပ နိုင်ငံများထိပါ သွားရောက်၍ ဆွဲဆောင်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီလိုဆွဲဆောင်ခဲ့မှုများရဲ့ ရလဒ်ကောင်းများကိုလည်း သတင်းမီဒီယာများမှာ တွေ့မြင်နေရပါ တယ်။ လက်တလော စိတ်ဝင်စားဖွယ် သတင်းများအနေနဲ့ ပြည်ပမော်တော်ကား ကုမ္ပဏီများဟာ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြတာကို သတိပြုမိပါတယ်။ အဆိုပါ ကုမ္ပဏီများဟာ နိုင်ငံစုံလုပ်ငန်းကြီးများဖြစ်တဲ့အတွက် ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာခြင်းမှာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ပိုမိုယုံကြည်လာကြောင်း ထင်ရှားစေလျက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ Complete Knocked Downစနစ် နဲ့ ပြည်တွင်းမှာ ပထမဆုံး ဥရောပစံချိန်စံညွှန်းမီ အရည်အသွေးပြည့်ဝတဲ့ SC NEUSTAR ဘတ်စ် ကားများကို ထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းကို မီဒီယာများကတဆင့် ကြားသိရပါတယ်။ အဆိုပါ စက်ရုံဟာ တစ်နှစ်ကို ဘတ်စ်ကားအစီးရေ ၆၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ပြည်တွင်း၌ သာမက ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတို့ကိုလဲ တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း သိရှိရပါ တယ်။ ထို့အတူ တိုယိုတာကား ကုမ္ပဏီအနေနဲ့လည်း တစ်နှစ်လျှင် Toyota Hilux ကားအစီးရေ ၂၅၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံကို မြန်မာနိုင်ငံမှာ တည်ထောင်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒီလို နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့် ကောင်းမွန်လာကာ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍမှာ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်အသစ် ဈေးကွက်ကျယ်ပြန့် လာမှုအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်းပါဝင် လာမှုနဲ့အတူ ပြည်တွင်းတွင် ထုတ်လုပ်သော မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်းများကို ပြည်ပနိုင်ငံများသို့ ဆက် သွယ်တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေမှာလည်း ဖြစ်ပါတယ်။

အရည်အသွေးပြည့်ဝတဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporations -MNCs) ဝင်ရောက်လာတာဟာ မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဥပဒေများ ပိုမိုခိုင်မာလာကြောင်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူ မြန်ဆန်လာကြောင်း၊ တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာ ကြောင်းနှင့် အဂတိတရား ပိုမိုကင်းရှင်းလာကြောင်း ထင်ရှားစေတဲ့ အချက်များပဲ ဖြစ်ပါတယ်။ 

ကျွန်မတို့အနေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်းရဲ့ အကျိုးကျေးဇူးကို ရရှိခံစားရလျက် ရှိနေပါတယ်။ ယခင်က ဆင်းမ်ကဒ်တစ်ကဒ်ကို ကျပ်သိန်း ၅၀ ကျော် အကုန်အကျခံ၍ ပေးဝယ်ခဲ့ ရကြသော်လည်း စျေးကွက်စီးပွားရေးပိုမိုပွင့်လင်း လာပြီး ပုဂ္ဂလိကကို ဖက်စပ်ဆောင်ရွက် ခွင့်ပြုခဲ့ တာကြောင့် ဆက်သွယ်ရေးအော်ပရေတာများ ပိုမိုများပြားလာတဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မား ကာ ဆင်းမ်ကဒ်များကို လူတန်းစားမရွေးဝယ်ယူအသုံးပြုနိုင်ပြီး လူတိုင်း မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်ခဲ့တာလည်း ကျွန်မတို့ ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဒီလို အော်ပရောတာတွေ များပြားလာတာ နဲ့အမျှ ကျွန်မတို့စိတ်ကြိုက် ရွေးချယ်နိုင်မှု များပြားလာသလို သင့်တင့်မျှတသော ဈေးနှုန်းနဲ့ ဝယ်ယူ သုံးစွဲခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့လည်း အခြေခံအဆောက်အဦကောင်းများ ပိုမိုဖော်ဆောင်ပေးပြီး၊ အဆင့်အတန်းမြင့်မားသည့် စီးပွားရေးဝန်ဆောင်မှုကောင်းများ၊ အရည်အသွေးပြည့်ဝပြီး သင်လွယ် တတ်လွယ်သော လုပ်သားအင်အားနှင့် ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများ ကာကွယ်ပေးနိုင်မှုတို့ ပိုမိုအားကောင်းစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူချောမွေ့လာအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေစဉ် ကာလတစ်လျောက်လုံးမှာလဲ လာဘ်ပေး လာဘ်ယူမှု အလေ့အထများ ပပျောက်အောင် ထိရောက်စွာ ဆောင်ရွက်ခြင်းတို့ပါဝင်တဲ့ ခိုင်မာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ပွင့်လင်းမြင်သာမှုတို့ ပိုမိုဖော်ဆောင်ထိန်းသိမ်းရန်လည်း လိုအပ် ပါတယ်။

ရင်းနှီးမြှုပ်နှံသူများ အနေနဲ့ ရင်းနှီးမြှုပ်နှံရန် နေရာဒေသရွေးချယ်ရာမှာ အကျိုးအမြတ် ရရှိမည့်နေရာကို သာမက၊  ၎င်းတို့၏ ပိုင်ဆိုင်မှု အခွင့်အရေးများကို အကာအကွယ်ပေးနိုင်မှု အား ကောင်းသည့် နေရာများကိုလည်း ရွေးချယ်၍ ရင်းနှီးမြှုပ်နှံကြမှာဘဲ ဖြစ်ပါတယ်။

အစိုးရအနေနဲ့လည်း လုပ်သာကိုင်သာရှိသော ကြိုတင်ခန့်မှန်းနိုင်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသော အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေ မူဘောင် အားကောင်းအောင်လည်း ဖော်ဆောင်ပေးထားပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်အတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဉပဒေ၊ မြန်မာနိုင်ငံမှာ အလွယ်တကူ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်နိုင်ရန် အတွက် MyCo လို့ခေါ်တဲ့ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင် စနစ်နဲ့အတူ ကုမ္ပဏီဆိုင်ရာ လုပ်ငန်းများကို ဥပဒေနဲ့အညီ ထိန်းကျောင်းပေးမဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှု ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန်အတွက် ယှဉ်ပြိုင်မှုဥပဒေ၊ စွန့်ဦးတီထွင်သူများ၏ ကြိုးစားအားထုတ်မှုကို ခိုင်မာစွာ အကာအကွယ်ပေးရန်၊ တီထွင်ဆောင်ရွက် မှုများကို အားပေးရန်နှင့် အတုအပထုတ်လုပ်သူ၊ မသမာသူများ မရှိခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်စွာနှင့်မျှတစွာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရန် ဉာဏ ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်တဲ့  စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေစတဲ့ ဥပဒေများကိုလဲ ပြဌာန်း ထားပြီး ဖြစ်ပါတယ်။ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းတဲ့ စားသုံးသူ၊ သုံးစွဲသူများရဲ့ အခွင့်အရေးများ အပြည့်အဝ အကာအကွယ် ပေးနိုင်စေရန်နှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင် တို့အကြား မျှတမှုရှိသော လုပ်ငန်းစဉ်ဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီးပွား ရေးလုပ်ငန်းများအကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ထိရောက်မြန်ဆန်စွာဖြင့် ငြိမ်းချမ်း စွာ ဖြေရှင်းပေးနိုင်မည့် အနုညာတဥပဒေတို့ကိုလည်း ပြဌာန်းပေးပြီး ဖြစ်ပါတယ်။

နိုင်ငံစုံမှ ရင်းနှီးမြှုပ်နှံမှုကြီးများ ဝင်ရောက်လာရာမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေမှာ ဖြစ်ပြီး၊ နည်းပညာ အသစ်အဆန်းများလည်း လွှဲပြောင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ သော အခွင့်အလမ်းများကို အမိအရ အသုံးချပြီး ကျွမ်းကျင်လုပ်သားများဖြစ်အောင် လေ့လာနိုင်ပါက Home-grown Technologies များ ဖန်တီးပေးနိုင်သည့် ပညာတတ် လူ့အသိုင်းအဝိုင်း တစ်ခု ဖော်ဆောင်နိုင်မှာ  ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံစုံလုပ်ငန်းကြီးများ ကြောင့် ပြည်တွင်း ထုတ်ကုန် များကို ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ချိတ်ဆက်၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းအားဖြင့် နိုင်ငံခြား ဝင်ငွေရရှိကာ အခွန်ဘဏ္ဍာများရရှိပြီး ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့အတွက် အထောက်အပံ့ ကောင်းများဖြစ်တဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးပွင့်လင်းလာမှု၊ အင်စတီကျူးရှင်း များနှင့် အခြေခံအဆောက်အဦများ၏ အရည်အသွေး နှင့် ဥပဒေမူဘောင် အားကောင်းဖို့အတွက် ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းပေးနေချိန်မှာ ကျွန်မတို့ရဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပရင်းနှီးမြှုပ်နှံသူများကို နွေးထွေးစွာဖိတ်ခေါ်၍ ၎င်းတို့ထံမှ ရရှိနိုင်မည့် နည်းပညာ၊ ဈေးကွက် ချိတ်ဆက်မှု၊ စီမံခန့်ခွဲမှုနှင့် ကုန်ထုတ်လုပ်မှု နည်းဗျူဟာများကို အရယူ၍ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မား အောင် ကြိုးစားခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်ကို တဟုန်ထိုး ထိုးဖောက်ရမဲ့ အချိန် ကောင်းပဲ ဖြစ်ပါတော့တယ်။ 

မြန်မာသူဇာ