ဆောင်းပါးများ

မြန်မာ့စီးပွားရေးလုပ်ငန်းများရဲ့ အချက်အချာဖြစ်တဲ့အပြင် ကုန်သွယ်ရေးနဲ့ ထောက် ပံ့ပို့ဆောင်ရေး ဗဟိုရပ်ဝန်းဖြစ်ပြီး နိုင်ငံ့ကုန်သွယ်မှုရဲ့ ၈၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ ရန်ကုန်မြို့တော်မှာ ဒုတိယအကြိမ်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို အွန်လိုင်းကနေ စာရင်းပေးသွင်းပြီး ကျွန်မအနေနဲ့ ပါဝင်တက်ရောက် ခွင့်ရခဲ့ပါတယ်။ ဒီလို နိုင်ငံ တကာအဆင့်မီ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ အခမ်းအနားကြီးကို ပါဝင်တက်ရောက် ခွင့်ရချိန်မှာတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေတဲ့ နိုင်ငံတော်ရဲ့ စေတနာကို မျက်ဝါးထင်ထင် တွေ့မြင် ခွင့်ရခဲ့ပါတယ်။

အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့်ပြင်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်တဲ့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဆောင်တဲ့အဖွဲ့ရဲ့ တက်ကြွစွာ အားထုတ်ထားမှုများကြောင့် အမိမြန်မာ ရဲ့ စီးပွားရေးအလားအလာများကို ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့အတွက်လဲ မြန်မာပြည်သူများ အားလုံးကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်ရပြန်ပါတယ်။

နယ်ပယ်စုံကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များအပါအဝင် လူဦးရေ (၁၂၀၀)ခန့် တက်ရောက်လာတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်နိုင်မှာကို တွေးရင်း ဝမ်းသာပီတိဖြစ်ရပြန်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ အစိုးရအဖွဲ့အစည်း အသီးသီးက ပညာရှင်များက ရင်းနှီး မြှုပ်နှံမှုနဲ့ စပ်လျဉ်းတဲ့ မူဝါဒများနဲ့ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပေးခဲ့သလို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများမှာ ဉီးဆောင်နေသူများကလည်း ၄င်းတို့ လုပ်ငန်းဆောင်ရွက်နေ တဲ့ ကဏ္ဍအသီးသီးမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံများကို မျှဝေပေးခဲ့ပါတယ်။ အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ အစိုးရအဖွဲ့အစည်းများနဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူများ အကြား တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်ပေးခဲ့တဲ့အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ များ အားလုံးအတွက်  တက်ရောက်ရကျိုးနပ်သည့် အခမ်းအနားတစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။

နိုင်ငံတော်အစိုးရသစ်အနေနဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ်နဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ၇ ရပ် ချမှတ်ကာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကဲ့သို့ ဖွံ့ဖြိုးမှုနည်းသော ဒေသများပါမကျန် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ  ရင်းနှီးမြှုပ်နှံမှုပြပွဲများ ကျင်းပ ကာ proactive နည်းလမ်းဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိတာကိုလည်း ကြားသိရပါတယ်။

လုပ်သာကိုင်သာရှိသော ကြိုတင်ခန့်မှန်းနိုင်သော အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် အစိုးရရဲ့ ဉီးဆောင်မှုဟာ အလွန်အရေးပါလျက် ရှိသလို ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အခရာကျလျက် ရှိနေပါတယ်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များကို အောင်မြင်စေဖို့ စုပေါင်းအားရဲ့ အရေးပါမှုကို ခိုင်မာစွာ ယုံကြည်ကြောင်း၊ အစိုးရပိုင်း က ခိုင်မာတဲ့ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းမူဘောင်များကို ချမှတ်အကောင် ထည်ဖော်ရာမှာ ပုဂ္ဂလိကကဏ္ဍနဲ့လည်း အတူတကွ ပူးပေါင်း၍  တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေး ဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း” ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒဟာ ပြည်သူကိုဗဟိုပြုတဲ့စနစ် ဖြစ်တဲ့အတွက် ယခုကဲ့သို့ ပြည်သူကို အလေးထားဆောင်ရွက်ပြီး ပြည်သူနှင့်အတူ မြန်မာ့စီးပွားရေး အသီးအပွင့်တွေကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေတဲ့ အစိုးရ အကြီးအကဲများရဲ့ သဘောထားဆန္ဒကိုလဲ ကိုယ်တိုင် သိမြင်ကြားသိခွင့်ရတဲ့အတွက် အစိုးရအပေါ်ထားရှိတဲ့ ယုံကြည်မှုများဟာလည်း ပိုမိုခိုင်မာခဲ့ရ ပြန်ပါတယ်။

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ ကုန်သွယ်မှုတိုးတက်စေခြင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ကုန်ထုတ်စွမ်းအား တိုးမြင့်စေခြင်း၊ နည်းပညာ လွှဲပြောင်း ပေးနိုင်ခြင်း၊ ပြည်ပသို့ ပို့ကုန်များတင်ပို့မှု မြှင့်တင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးနိုင်ပါတယ်။ ထိုမှတစ်ဆင့် ပြည်ပဝင်ငွေပိုမိုရရှိကာ နိုင်ငံတော်အတွက် အခွန် အခများ ပိုမိုကောက်ခံပေးနိုင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝသာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ရုံသာမက ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးစနစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း ဖြင့် ရေရှည်တည်တံသော စီးပွားရေးဝန်းကျင်ကောင်းကို ရရှိစေမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အဓိကမောင်းနှင် အားများဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန် အစိုးရသစ်လက်ထက်မှာ ဥပဒေ ဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ခဲ့ပြီး လည်း ဖြစ်ပါတယ်။ 

ထင်ရှားတဲ့ ပြယုဒ်များအနေနဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် ပိုမို၍ ပွင့်လင်းမြင်သာစေဖို့၊ လွယ်ကူချောမွေ့စေဖို့၊ အကာအကွယ်ပေးဖို့နဲ့ ဖြေလျှော့ပေးဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစည်း၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုတည်းအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာစံနှုန်း နဲ့အညီ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကိုလည်း ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

မူဝါဒအပြောင်းအလဲများဖြစ်တဲ့ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” နဲ့ ရင်းနှီးမြှုပ်နှံမှုများကို မဟာဗျူဟာမြောက် ဆွဲဆောင်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (MIPP) တို့ကိုလည်း ဖော်ဆောင်ပေးပြီး ဖြစ်ပါတယ်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ရှာဖွေဖော်ထုတ်ခြင်းဖြင့် အစိုးရ-ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှု (PPP) များကို ဆောင်ရွက်နိုင်ဖို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှုဗဟိုဌာန အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဉီးဆောင်ကော်မတီကိုလည်း ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် ကုမ္ပဏီတွေအနေနဲ့ အင်တာ နက်ကနေတစ်ဆင့် အလွယ်တကူ ဖွဲ့စည်းတည်ထောင်နိုင်ရန် MyCO လို့ သိကြတဲ့ အီလက် ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်ကိုလည်း တည်ထောင်ပေးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အာမခံ လုပ်ငန်း၊ လက်လီနှင့် လက်ကားရောင်းဝယ်မှု လုပ်ငန်းများတွင် ဖြေလျှော့ပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ 

အဆိုပါ ပြောင်းလဲမှုများကြောင့်လဲ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်း များအရ မြန်မာနိုင်ငံဟာဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲမှာ ဆက် လက်ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ 

အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်စေကာ လုပ်ပိုင်ခွင့်များ ခွဲဝေပေးပြီး ဗဟိုချုပ်ကိုင်မှု စနစ်ကို ဖြေလျော့ပေးခဲ့ပြီး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ အတွင်းရေးမှူးရုံးဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန Website နှင့် Social Media ဖြစ်တဲ့ Facebook တို့မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများ၊ ကော်မရှင်အစည်းအဝေး ကျင်းပပြီးနောက် ခွင့်ပြုခဲ့တဲ့ လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ ချပြထားတာကိုလည်း တွေ့မြင်ရပါတယ်။ 

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဉီးဆောင်ကွင်းဆင်း၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ လွယ်ကူချောမွေ့စေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိနေတာ ကိုလည်း မီဒီယာများတဆင့် သိရှိရပါတယ်။ 

တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းကနေ မျှတတဲ့လူမှု အသိုက် အဝန်းတစ်ရပ် ဖန်တီးဖို့နဲ့ ပြောင်းလဲတိုးတက်ပြီး ညီညွှတ်မျှတတဲ့ ဖွံ့ဖြိုးမှုတစ်ခု ရရှိစေ ဖို့အတွက် လိုအပ်သည့် အထောက်အပံ့ကောင်းများကို ဘက်စုံထောင့်စုံမှ ဖော်ဆောင်ပေးလျက်ရှိနေ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ အစိုးရနှင့် ကုမ္ပဏီ၊ ကုမ္ပဏီအချင်းချင်း နားလည်မှု စာချွန်လွှာရေးထိုးဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း ၁၉ ခု ရှိပြီး  အဆိုပါ လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း     ၃ သိန်း ၆ သောင်းကျော်ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယခုဖိုရမ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကျင်းပနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်များဟာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး စစ်မှန်သော ယုံကြည် စိတ်ချရဆုံး စီးပွားရေးတိုးတက်မှု ယန္တရားတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တွင် ဖော်ဆောင်ပေးနိုင်မှာ အမှန်ပင် ဖြစ်ပါတော့သည်။