အားနည်းချက်များ ကုစားခြင်း ၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ထွက်ပေါ် လာပြီးနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရော၊ မြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှုရော တိုးတက်လာတယ် ဆိုပေမယ့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေနဲ့ ဥပဒေတွေ ကျင့်သုံးဆောင်ရွက်ရာမှာ အကန့်အသတ်နဲ့ အားနည်းချက်တွေ ရှိနေဆဲပဲဆိုတာ သိရှိလာရပါတယ်။ ဒါကြောင့် မည်သို့မည်ပုံ ဆက်လက်ပြင်ဆင်လုပ်ဆောင် ကြရင် ကောင်းမလဲဆိုတာကို သုံးသပ်စဉ်းစားနေခဲ့ကြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို လွှတ်တော် ကို တင်ပြထားဆဲအချိန်မှာပဲ စာရေးသူ အနေနဲ့ ၂၀၁၂ ခုနှစ် မတ်လအတွင်းမှာ အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးနဲ့ အိုအီးစီဒီ မဟာမဲခေါင်ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာဆွေးနွေးပွဲ တက်ရောက်ရင်း အိုအီးစီဒီက တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါ တယ်။ အစည်းအဝေးမှာ အိုအီးစီဒီက ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ်ခြင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးမှု တွေ ဆောင်ရွက်ခဲ့တာ ကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ခေတ်ပြောင်းစနစ်ပြောင်းအချိန်မှာ မိမိနိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုမူဝါဒတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်လည် သုံးသပ်နိုင်ရင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အကျိုးရှိလိမ့်မယ်လို့ သုံးသပ်မိခဲ့ပါတယ်။ ဒါကြောင့် အစည်းအဝေးကျင်းပနေဆဲ ရက်မှာပဲ စာရေးသူအနေနဲ့ အိုအီးစီဒီက ပညာရှင်တွေ ထံ ချဉ်းကပ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ်ခြင်း ဆောင်ရွက်မယ် ဆိုရင် အိုအီးစီဒီအနေနဲ့ အကူအညီပေးနိုင်မလားဆိုတာ မေးမြန်းခဲ့ပါတယ်။ အိုအီးစီဒီ ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်ကြောင်း၊ ဒါပေမဲ့ သက်ဆိုင်ရာအစိုးရက တရားဝင်အဆိုပြု ဖို့ လိုအပ်ကြောင်းနဲ့ ကုန်ကျစရိတ်အတွက် အထောက်အပံ့ လိုအပ်ကြောင်း ပြောကြားကြ ပါတယ်။ ဒါကြောင့် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ စာရေးသူအနေနဲ့ နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းထံ အိုအီးစီဒီနဲ့ဆွေးနွေးရရှိမှုကို တင်ပြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှုခံယူခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက သဘောတူကြောင်းနဲ့ အစိုးရ အနေနဲ့ တရားဝင်အဆိုပြုမှာဖြစ်ကြောင်း အိုအီးစီဒီကို ပြန်ပြောပေးဖို့ လမ်းညွှန်ပါတယ်။ အစည်းအဝေးကာလအတွင်းမှာပဲ အိုအီးစီဒီကို မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှု မူဝါဒ ပြန်လည်သုံးသပ်ခြင်းနဲ့ပတ်သက်ပြီး ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြောင်း ပြောကြားလိုက်တော့ သူတို့အားလုံး အံ့အားသင့်ကြပါတယ်။ ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ကြားမယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့လည်း ပြောကြ ပါတယ်။ လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် အထောက် အပံ့ရရှိဖို့ လိုလာတဲ့အတွက် စာရေးသူအနေနဲ့ အစည်းအဝေး တက်ရောက်နေတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ထံ ချဉ်းကပ်ပြီး မြန်မာနိုင်ငံအနေနဲ့ အိုအီးစီဒီနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည် သုံးသပ်တဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်လိုကြောင်း၊ နိုင်ငံအနေနဲ့ အဆိုပါ လုပ်ငန်းစဉ် အတွက် ကုန်ကျစရိတ်ကျခံဖို့ အကန့်အသတ်ရှိတဲ့ အတွက် အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ရန်ပုံငွေ ရရှိရေး ဆက်လက်ညှိနှိုင်းပေးစေလိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်က တတ်နိုင်သမျှကူညီပေးမှာဖြစ်ကြောင်းနဲ့ အစည်းအဝေးကို လာတက် နေတဲ့ ဩစတြေးလျနဲ့ နယူးဇီလန်က ကိုယ်စားလှယ်အဖွဲ့ကို သွားရောက်တွေ့ဆုံပြီး ရန်ပုံငွေ ကူညီပေးဖို့၊ မေတ္တာရပ်ခံကြည့်ဖို့ အကြံပြုတဲ့အတွက် စာရေးသူက သက်ဆိုင်ရာနိုင်ငံတွေက တက်ရောက် လာသူတွေနဲ့ ဆက်လက်တွေ့ဆုံပြီး အဆိုပြုကြည့်တော့ အားလုံးက စဉ်းစား ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ အဖြေရခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ်မှာ အိုအီးစီဒီရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ပြန်လည် သုံးသပ်ခြင်း (Investment Policy Review of Myanmar) ကို ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ စာမျက်နှာ ၃၇၀ ရှိတဲ့ အစီရင်ခံစာကို တရားဝင်ထုတ်ပြန် ကြေညာနိုင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ်ခြင်း အိုအီးစီဒီရဲ့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ်ခြင်း မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အခြေအနေအရပ်ရပ်အပြင် အခွန်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဆိုင်ရာ၊ လယ်ယာကဏ္ဍဆိုင်ရာကိစ္စရပ်တွေနဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် မှုမူဝါဒ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေ ကိုပါ သုံးသပ်ပေးခဲ့ပါတယ်။ သုံးသပ်တွေ့ရှိချက် တွေအနက်က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အကြံပြုချက် တွေအပေါ် အရေးကြီးတဲ့အချက်တွေကို အောက်ပါအတိုင်း ထုတ်နုတ်တင်ပြ လိုပါတယ် - (၁) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကို ဥပဒေ မူဘောင်တစ်ခု အောက်ထဲမှာသာ ထားရှိဆောင်ရွက်ရန်၊ (၂) ရင်းနှီးမြှုပ်နှံသူတွေ လွယ်ကူစွာ ရင်းနှီးမြှုပ်နှံ နိုင်ဖို့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင် တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်၊ (၃) ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ထုတ်ပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်တစ်လျှောက် ပွင့်လင်း မြင်သာမှုရှိဖို့ ဆောင်ရွက်ရန်၊ (၄) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အဆုံး အဖြတ်ပေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို လျှော့ချရန်၊ (၅) အဆိုပြုလွှာတွေစိစစ်တဲ့ လုပ်ငန်းအဆင့်တွေကို လျှော့ချရန်၊ (၆) ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတ်မှတ်ပြဋ္ဌာန်း ချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ/မရှိကို ပုံမှန်စောင့်ကြည့်သုံးသပ်ရန်၊ (၇) ကဏ္ဍအချို့ကို နိုင်ငံသားနဲ့ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရန် ခွင့်ပြုထားတဲ့ ကန့်သတ်ချက် တွေဟာ မိမိတို့ရဲ့ မူလရည်ရွယ်ချက်ကိုရောက်၊ မရောက် ပြန်လည်သုံးသပ်ရန်၊ (၈) မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေကို အခြားနိုင်ငံများ လုပ်ကိုင်နေမှုနဲ့ ချိန်ထိုးတိုင်းတာရန်၊ (၉) ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးခြင်း တွေကို မြှင့်တင်ဆောင်ရွက်ရန်၊ (၁၀) အငြင်းပွားမှု ဖြစ်ပေါ်လာတဲ့အခါ တရားမျှတစွာ ဆောင်ရွက်နိုင်စေမယ့် အစီအမံတွေကို မြှင့်တင်ပေးရန်၊ (၁၁) တစ်နေရာတည်း လုပ်ငန်းပြီးအောင် ဆောင်ရွက်ခြင်း (One Stop Services) ထူထောင်ဆောင်ရွက်ရန်၊ (၁၂) မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေ တွေကို တစ်ကမ္ဘာလုံးက ကျယ်ပြန့်စွာ သိရှိ အောင် ဆောင်ရွက်ရန်၊ (၁၃) ဗဟိုချုပ်ကိုင်မှုများ လျှော့ချနိုင်မယ့် နည်းလမ်း တွေ ရှာဖွေသွားရန်တို့ပဲ ဖြစ်ပါတယ်။ အဆိုပါကာလအတွင်းမှာ မြန်မာနိုင်ငံဟာ အာဆီယံ နိုင်ငံတွေအတွင်း နိုင်ငံခြားသားနဲ့ နိုင်ငံသားတွေအတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေတစ်ခုစီ သီးခြားရေးဆွဲကျင့်သုံးတဲ့ တစ်ခုတည်း သော နိုင်ငံဖြစ်နေခဲ့ပါတယ်။ အဆိုပါ အချက်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ သဘောတူညီ ချက်တွေနဲ့ သွေဖည်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူရမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခု ရှိနေတာက အာဆီယံ နိုင်ငံ အများလက်ခံကျင့်သုံးနေတဲ့ အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် (ASEAN Comprehensive Investment Agreement) နဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် ဥက္ကဋ္ဌ နိုင်ငံအနေနဲ့ အာဆီယံသဘောတူညီချက်တွေကို လိုက်နာတဲ့ နိုင်ငံဖြစ်ဖို့ ပြန်လည် တည့်မတ်ဆောင်ရွက်ဖို့လည်း လိုအပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုယ်တိုင် ကလည်း ထိုစဉ်က လက်ရှိကျင့်သုံးနေတဲ့ ဥပဒေနှစ်ရပ်ရဲ့ ချို့ယွင်းအားနည်းချက်တွေကို တဖြည်းဖြည်း ပိုမိုသိမြင် လာတဲ့အတွက် အမှားတွေကို ပြင်ဆင်ဖို့ လိုအပ်နေပြီ ဆိုတာ သုံးသပ်လာမိပါတယ်။ အထက်ပါ အခြေအနေ တွေအရ အကောင်းဆုံး လုပ်သင့်တဲ့လုပ်ငန်းကတော့ ဥပဒေ နှစ်ရပ်ကို တစ်ပေါင်းတည်း ပြန်လည်ရေးဆွဲဖို့သာဖြစ်ပြီး ဥပဒေသစ်ပြန်ရေးရန် သင့်/မသင့် ကော်မရှင်အနေနဲ့ သုံးသပ် နေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်လည်သုံးသပ် ခြင်းလုပ်ငန်းစဉ်ရဲ့ အစီအစဉ်အရ စာရေးသူအနေနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ အိုအီးစီဒီ ရုံးချုပ်ကို သွားရောက်ပြီး အိုအီးစီဒီ ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှင်းလင်းတင်ပြချက်ကို ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ ကမ္ဘာ့ဘဏ်အုပ်စု၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) က တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းက မြန်မာနိုင်ငံအနေနဲ့ IFC ကို လိုတဲ့အကူအညီ တောင်းခံနိုင်ပါကြောင်း ပြောကြားလာတဲ့အတွက် စာရေးသူက မြန်မာနိုင်ငံ ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်ရေးဆွဲမယ်ဆိုရင် အကူအညီပေးနိုင်မလားလို့ မေးခဲ့ ပါတယ်။ ၎င်းက မြန်မာနိုင်ငံကသာ တရားဝင် အဆိုပြုရင် ကူညီပေးနိုင်ပါကြောင်း ပြန်ကြား ခဲ့ပါတယ်။ အထက်ပါအခြေအနေတွေအရ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံး ဆောင်ရွက် သင့်တာကတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်ရေးဆွဲခြင်းသာဖြစ်တယ်လို့ သုံးသပ်မိတဲ့ အတွက် စာရေးသူအနေနဲ့ ဥပဒေနှစ်ရပ်ကို ပေါင်းစည်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြန်လည်ရေးဆွဲခွင့်ပြုပါရန်နှင့် ဤသို့ပြန်လည်ရေးဆွဲ မည်ဆိုပါက IFC မှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ကော်မရှင်အစည်းအဝေးကို တင်ပြ တဲ့အခါ အစည်းအဝေးက သဘောတူခဲ့ပါတယ်။ မူဝါဒ ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ရပ်ကို ပူးပေါင်းပြီး ပြန်လည်ရေးဆွဲနိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်ချမှတ်တဲ့အခါ ထိုစဉ်က နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များသည် နိုင်ငံတော်၏ အချုပ်အခြာနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက်စေရ၊ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို မထိခိုက်စေရ၊ သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်စေရဆိုတဲ့ မူဝါဒ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရယူထားမှု အများအပြားရှိနေတာကို လျှော့ချသွားမယ်ဆိုတဲ့ မူဝါဒ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် များကို လုပ်ပိုင်ခွင့်ခွဲဝေပေးသွား မယ်ဆိုတဲ့ မူဝါဒ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြား လွတ်လပ်စွာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ ထားရှိဖို့စတဲ့ မူဝါဒတွေကို ဥပဒေရေးဆွဲခြင်းရဲ့ လမ်းညွှန်အဖြစ် ချမှတ်ခဲ့ပါတယ်။ အထက်ပါ မူဝါဒတွေ အပေါ် အခြေခံပြီး ဥပဒေကြမ်း ရေးဆွဲရေးအဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ စာရေးသူ ဦးဆောင်ပြီး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်ချိုချိုဝင်း၊ ညွှန်ကြားရေးမှူးတွေ ဖြစ်ကြတဲ့ ဒေါ်တင်အေးဟန်နဲ့ ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး တွေဖြစ်ကြတဲ့ ဒေါက်တာမာလာမျိုးညွန့်၊ ဦးကျော် ဇာနည်ဝင်း၊ ဒေါ်စန်းစန်းမြင့်နဲ့ ဒေါ်မြစန္ဒာတို့ ပါဝင်တဲ့ အဖွဲ့ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ စာရေးသူအနေနဲ့ ဥပဒေနှစ်ရပ်ပေါင်းစည်းပြီး အသစ်ပြန်လည်ရေးဆွဲတဲ့အခါ ဥပဒေ နှစ်ရပ် ပေါင်းစည်းရုံ သက်သက်သာမဟုတ်ဘဲ ဥပဒေကို ခေတ်မီပြီး နိုင်ငံတကာ သဘောတူညီချက် တွေနဲ့ ကိုက်ညီအောင်၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှုရှိအောင် ပြန်လည်ရေးဆွဲဖို့ သုံးသပ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်း ကိုသာ ဦးတည်တဲ့ဥပဒေမဖြစ်စေဘဲ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကို အထောက်အကူပြုတဲ့ ဥပဒေဖြစ်အောင် ရေးဆွဲသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥပဒေ ရေးဆွဲရာမှာ အိုအီးစီဒီရဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေကို တတ်နိုင်သမျှ လက်ခံ ထည့်သွင်းသွားဖို့လည်း စီမံခဲ့ပါတယ်။ ထပ်မံပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ သဘော တူညီချက်ဖြစ်တဲ့ (The Agreement on Trade Related Investment Measures – TRIMS) နဲ့ ကိုက်ညီစေဖို့၊ အာဆီယံသဘောတူညီချက်ဖြစ်တဲ့ (ASEAN Comprehensive Investment Agreement) နဲ့ကိုက်ညီစေဖို့၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွင်း တိုးတက် များပြားလာစေဖို့အတွက် အိုအီး စီဒီက လက်ခံကျင့်သုံးတဲ့ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများကျင့်ထုံး (Responsible Business Conduct)တွေကို ဥပဒေမှာ ထည့်သွင်း ရေးဆွဲဖို့၊ ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချနိုင်ဖို့နဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို လျှော့ချ ရေးဆွဲဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေသစ်နဲ့ IFC ဥပဒေပြန်လည်ရေးဆွဲရေးအတွက် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ကလည်း လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားဖို့ သဘောတူညီ လိုက်တဲ့အတွက် ဥပဒေ ရေးဆွဲရာမှာ IFC ရဲ့ ပညာရပ်ပိုင်း ဆိုင်ရာအကူအညီ ရယူဆောင်ရွက်ခွင့်ပြုဖို့ ကော်မရှင် အစည်းအဝေးမှာ တင်ပြလိုက်တဲ့အခါ ကော်မရှင်အစည်း အဝေးက သဘောတူပေးခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းရှင်ကလည်း IFC ရဲ့ အကူအညီ ရယူ ရေးဆွဲခြင်းအားဖြင့် ဥပဒေသစ်မှာ အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးကျင့်ထုံး (International Best Practices) တွေ ပါဝင်လာမှာဖြစ်ပြီး ဥပဒေရဲ့ပုံရိပ်ကို ပိုမို ကောင်းမွန်လာစေမှာဖြစ်ကြောင်း ထောက်ခံ ပြောဆို ပေးခဲ့ပါတယ်။ အဆိုပါ အခြေအနေတွေအရ ထိုစဉ်က တည်ဆဲရင်းနှီးမြှုပ်နှံမှုဥပဒေ နှစ်ရပ်ကို ပေါင်းစည်းပြီး “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ”အဖြစ် ပြန်လည်ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေ စတင်နိုင်ခဲ့ပါတယ်။ ဥပဒေ ကြမ်းရေးဆွဲစဉ် လုပ်ငန်းစဉ်အတွင်းမှာ IFC က တွဲဖက် ပေးတဲ့ ဥပဒေပညာရှင်ဖြစ်တဲ့ Dr. Sufian Jusoh ၊ မြန်မာ နိုင်ငံမှာရှိတဲ့ IFC ရုံးက Mr. Charles Schneider နဲ့ ဦးသစ္စာတို့က စာရေးသူဦးဆောင်တဲ့ ဥပဒေကြမ်းရေးဆွဲ ရေးအဖွဲ့နဲ့ ပူးပေါင်းရေးဆွဲ ဆောင်ရွက်ခဲ့ကြပါတယ်။ ဥပဒေကြမ်းရေးဆွဲစဉ် လုပ်ငန်းစဉ်အတွင်းမှာ စာရေးသူအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ စိန်ခေါ်မှုအချို့ကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော် အစိုးရရဲ့ မူဝါဒချမှတ်ရာမှာ အနှောင်အဖွဲ့မရှိစေရေး (Policy Space) အတွက် အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ထဲက အထွေထွ ေကင်းလွတ်ခွင့် (General Exemption)နဲ့ လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့် (Security Exemption) တို့ကို ဥပဒေမှာ ထည့်သွင်း ရေးဆွဲဘို့ ကိုလည်း IFC က ပညာရှင်များနဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေရေးဆွဲမှု လုပ်ငန်းစဉ်တလျှောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ကဏ္ဍက အသင်း အဖွဲ့များ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများ၊ ဥပဒေပညာရှင်များနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းမှုတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေပထမမူကြမ်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရေးဆွဲပြီးခဲ့တဲ့အခါ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ website မှာ ဥပဒေမူကြမ်းကို ထုတ်ပြန်တင်ပြခဲ့ပြီး နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် သတင်းစာများက တဆင့် ကြေညာချက်တွေ ထုတ်ပြန်ပြီး Website မှာ တင်ပြထားတဲ့ ဥပဒေကြမ်းအပေါ် အကြံပြုချက်တွေ တောင်းခံခဲ့ပါတယ်။ ရရှိတဲ့ အကြံပြုချက်တွေအရ ဥပဒေကြမ်းကို ထပ်မံပြင်ဆင်ပြီး Website မှာ ထပ်မံတင်ပြကာ အကြံပြုချက်တွေ နောက်တစ်ကြိမ် တောင်းခံခဲ့ပါတယ်။ ဥပဒေကြမ်းရေးဆွဲမှု လက်စသတ်လုနီး အချိန်မှာဘဲ အစိုးရအပြောင်း အလဲ ဖြစ်သွားခဲ့တဲ့အတွက် ဥပဒေကြမ်းရေးဆွဲမှုကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ထူးခြားချက် ကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ယခင့်ယခင်က ဥပဒေများ ရေးဆွဲခဲ့သလို အစိုးရက မည်သူကိုမှ အသိပေးခြင်းမရှိဘဲ ရေးဆွဲခဲ့ပြီး ထုတ်ပြန် ကြေညာချိန်ရောက်မှသာ အများပြည်သူသိရတဲ့ ဥပဒေ မဖြစ်အောင် ဥပဒေရေးဆွဲစဉ် လုပ်ငန်းစဉ်တလျောက်လုံး မှာ အကျိုးသက်ဆိုင်သူတွေ (Stakeholders) များ အားလုံးကို အသိပေးချပြညှိနှိုင်းရေးဆွဲခဲ့တဲ့ ပထမဆုံး ဥပဒေဖြစ်ခဲ့ပါတယ်။
ဆက်စပ်ဆောင်းပါးများ
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့် “အ...
Post on 29 September 2021
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ CEO မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် အမြဲတမ်းအတွင်းဝန် ဦးအောင်န...
Post on 25 January 2021
၉-၁-၂၀၂၁ ရက် (စနေနေ့) ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် မောင်သစ္စာ (ရန်ကင်း) ရေ...
Post on 09 January 2021
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ရင်းနှီးမြှုပ်နှံမှုနှင့်...
Post on 11 December 2020
မြန်မာနိုင်ငံက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်၌ ပါ...
Post on 17 November 2020
ကျွန်တော်နဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
Post on 26 October 2020
၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ...
Post on 25 August 2020
၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် မြန်မာသူဇာ ရေး...
Post on 02 August 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝ...
Post on 05 July 2020