ပေါ်ထွန်းစလုပ်ငန်းများ၏ အရေးပါမှု
နိုင်ငံအသီးသီးအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရာမှာ နိုင်ငံကြီး အချို့က နိုင်ငံတကာ ဖြန့်ကျက်လုပ်ဆောင်နိုင်တဲ့ ကုမ္ပဏီကြီးတွေ (Multi-national Corporation) ဈေးကွက်ကျယ်ပြန့်အောင် ဆောင်ရွက်တာ၊ နိုင်ငံအချို့က နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ အင်အားကောင်းအောင် လုပ်ပြီး နိုင်ငံတကာဖြန့်ကျက်တာ (Multi-national State Owned Enterprises) တွေ ဆောင်ရွက်တဲ့အပြင် နိုင်ငံအများစုမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးတာတွေစတဲ့ နည်းလမ်းတွေ ကျင့်သုံးပြီး ဆောင်ရွက်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာတော့ အဆိုပါ နည်းလမ်း တွေနဲ့ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးအောင် လုပ်ကြတဲ့အပြင် ပိုပြီးလက်တွေ့ကျတဲ့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေ (Startups) ဘက်ကို အာရုံပြုပြီး အလေးထား ဆောင်ရွက်လာကြတာကို လည်း တွေ့မြင်နေရပါတယ်။
ပေါ်ထွန်းစလုပ်ငန်းလေးတွေကို နိုင်ငံအတော်များများက အလေးထားလာရတဲ့ အကြောင်းရင်းတွေ ပြန်ကြည့်လိုက်ရင် -
(၁) ပေါ်ထွန်းစလုပ်ငန်းများဟာ ဆန်းသစ်တီထွင်မှုရဲ့ ဗဟိုချက်ဖြစ်နေတာ။
(၂) အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်တာ။
(၃) ပေါ်ထွန်းစလုပ်ငန်းလေးတွေဟာ ၎င်းတို့တည်ရှိရာဒေသအတွက် တိုက်ရိုက် ကောင်းကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေတာ။
(၄) အချို့သော နိုင်ငံကြီးများမှာ မြို့ငယ်တွေမှာရှိတဲ့ ပေါ်ထွန်းစလုပ်ငန်းလေး တွေကြောင့် မြို့ကြီးနဲ့ မြို့ငယ်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကွာဟမှုကျဉ်းမြောင်း စေခဲ့တာ။
(၅) ပေါ်ထွန်းစလုပ်ငန်းလေးတွေရဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် နည်းပညာသစ်တွေ ပေါ်ပေါက်စေခဲ့တာ။
(၆) နိုင်ငံတော်ရဲ့ အသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ကိုလည်း တိုးတက်စေတာ စတဲ့ အကျိုးသက်ရောက်မှုတွေကို တစ်စထက်တစ်စ ပိုမို တွေ့မြင်လာရပါတယ်။
အသိသာအထင်ရှားဆုံးကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများအပြား ပေါ်ပေါက်စေတာပါဘဲ။ ကမ္ဘာပေါ်မှာ ပေါ်ထွန်းစ လုပ်ငန်းလေးတွေက ဖန်တီးလိုက်တဲ့ အလုပ် အကိုင်အခွင့်အလမ်းဟာ ကုမ္ပဏီကြီးတွေက ဖန်တီးပေးတဲ့ အလုပ်အကိုင်အခွင့်အလမ်း ပမာဏ ထက် ပိုမိုများပြားတယ်လို့လဲ ဆိုကြပါတယ်။ ဒီဂျစ်တယ်စီးပွားရေးခေတ်မှာ အရေးပါလာတဲ့ ဉာဏ်တု (Artificial Intelligence)၊ စက်ရုပ်နည်းပညာ (Robotic Technology) နဲ့ Internet of things စတဲ့ နည်းပညာတွေဟာ ပေါ်ထွန်းစလုပ်ငန်းလေးတွေရဲ့ ဆန်းသစ်တီထွင်မှုကနေ ပေါ်ပေါက်လာခဲ့တယ်လို့လဲ ဆိုပါတယ်။ အိန္ဒိယလို နိုင်ငံကြီးမျိုးမှာ ပေါ်ထွန်းစလုပ်ငန်းလေးတွေ ဟာ တစ်ကမ္ဘာလုံးဖြန့်ကျက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးများရဲ့ ပြင်ပအရင်းအမြစ် (Outsource) အဖြစ် အောင်မြင်စွာ လည်ပတ်နေကြတာကိုလည်း တွေ့ရပါတယ်။
အာဆီယံနိုင်ငံများအတွင်းကို ပြန်လည်သုံးသပ်ကြည့်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် ဂေဟစနစ် (Ecosystem) ကောင်းတွေ ဖန်တီးပေးနိုင်ဘို့ အဖွဲ့ဝင်နိုင်ငံအတော်များများက ကြိုးပမ်းဆောင်ရွက်လာတာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေ ရဲ့ အနာဂတ်စီးပွားရေးအလားအလာ ပိုမိုကောင်းမွန်စေဘို့အတွက် ဆောင်ရွက်ရာမှာ ပေါ်ထွန်းစ လုပ်ငန်းလေးတွေရဲ့ ဂေဟစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရေးဟာ ပထမဆုံး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ပေါ်ထွန်းစလုပ်ငန်းလေး တွေအတွက် လုပ်သာကိုင်သာရှိရမယ့် အခြေအနေ ဖန်တီးပေးခြင်း၊ လေ့ကျင့်သားပြည့်ဝပြီး ပါရမီရှိတဲ့ လုပ်သားထု ပေါ်ပေါက်အောင် ဆောင်ရွက်ပေးခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို စီးပွားရေးလုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ မက်လုံးတွေပေးခြင်း စတဲ့ ကိစ္စရပ်တွေဟာ နိုင်ငံ အသီးသီးရဲ့ ပေါ်ထွန်းစလုပ်ငန်းလေးတွေကို အရှိန်ရလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ချက်များ ဖော်ထုတ်ထားတာကို တွေ့ရပါတယ်။
ပေါ်ထွန်းစလုပ်ငန်းများအတွက် ဂေဟစနစ်
ပေါ်ထွန်းစလုပ်ငန်းလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံက ချဉ်းကပ် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ လိုအပ်ပါတယ်။ အဆိုပါ အစီအစဉ်တွေထဲမှာ ငွေကြေး အရင်းအမြစ်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပင်ကိုယ်အရည်အသွေးရှိသူတွေကို လေ့ကျင့် ပျိုးထောင်ပေးခြင်း၊ ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် ဈေးကွက်ဖန်တီးပေးခြင်း စတာတွေ လိုအပ်တဲ့အပြင် အရေးအကြီးဆုံးကတော့ ကြိုးနီစနစ်ကို ဖယ်ရှားပြီး စည်းမျဉ်းနဲ့ လုပ်ထုံး လုပ်နည်းဆိုင်ရာ ဖြေလျော့မှုတွေ ဆောင်ရွက်ပေးဘို့ ဖြစ်ပါတယ်။ တကယ်တော့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေအတွက် မိတ်ဖက်ဖြစ်စေမယ့် မူဝါဒတွေ (Startup Friendly Policy) ချမှတ်ပေး ရာမှာ အစိုးရအနေနဲ့ ငွေကြေးပမာဏ အများအပြားကျခံဘို့၊ မက်လုံးတွေပေးဘို့ထက် အစိုးရ ဌာနအသီးသီးရဲ့ လက်ရှိကျင့်သုံးဆောင်ရွက်နေတဲ့ လုပ်ထုံး လုပ်နည်း၊ စည်းမျည်းစည်းကမ်း ဆိုင်ရာ အခြေအနေတွေကို ပြောင်းလဲကျင့်သုံးပေးမှုက ပိုမိုထိရောက်စေမှာ ဖြစ်ပါတယ်။ ပေါ်ထွန်းစလုပ်ငန်းလေးတွေ အရှိန်ရလာစေဘို့ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြည်ပကို တင်ပို့နိုင် ဘို့ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေကိုလည်း ဖြေလျော့ဖယ်ရှားပေးနိုင်ဘို့ လိုအပ်ပါတယ်။ အချို့သော နိုင်ငံများမှာတော့ စီးပွားရေးလုပ်ငန်းများကို တက္ကသိုလ်များနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်စေပြီး ပါရမီရှိသူများကို ပျိုးထောင် ပေးခြင်းဖြင့် အလားအလာရှိတဲ့ ပေါ်ထွန်းစ လုပ်ငန်းများ ပေါ်ပေါက်စေတာကိုလည်း တွေ့ရပါတယ်။ အချို့နိုင်ငံများမှာတော့ ပေါ်ထွန်းစ လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန်ကို နှုန်းထားလျော့ချသတ်မှတ်ပေးခြင်း၊ ကုမ္ပဏီကြီး များက ပေါ်ထွန်းစလုပ်ငန်းလေးတွေမှာ အရင်းအနှီးထည့်ဝင် ဆောင်ရွက်နိုင်ဘို့အတွက် လမ်းဖွင့်ပေးခြင်း၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း များအတွက် ကူညီဆောင်ရွက်ပေးခြင်း စတာတွေကို လုပ်ကိုင်ပေးနေတာလည်း လေ့လာတွေ့ရှိ ရပါတယ်။
စင်္ကာပူနိုင်ငံအတွင်းက ပေါ်ထွန်းစလုပ်ငန်းများ
စင်္ကာပူနိုင်ငံအစိုးရကတော့ မိတ်ဖက်မျိုးစုံနဲ့ တက်ကြွစွာပူးပေါင်းပြီး စင်္ကာပူနိုင်ငံကို အာရှပေါ်ထွန်းစလုပ်ငန်းများရဲ့ မြို့တော်ဖြစ်အောင် ဆောင်ရွက်ဘို့ ရည်မှန်းချက်ထားပြီး ကြိုးပမ်းနေတာ တွေ့ရှိရပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ Startup SG နဲ့ Enterprise Singapore စတဲ့ အဖွဲ့အစည်းတွေဟာ ပေါ်ထွန်းစလုပ်ငန်းများကို ဘဏ္ဍာရေးနဲ့ အခြားအထောက်အပံ့တွေ ပေးနိုင်ဘို့အတွက် ကနဦးအစီအမံများစွာ ချမှတ်ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ စင်္ကာပူအစိုးရလုပ်နေတဲ့ အစီအစဉ်တွေကို ဆန်းစစ်ကြည့်ရင် ပေါ်ထွန်းစလုပ်ငန်းလေးတွေ အတွက် ဘက်စုံအောင် စဉ်းစားဆောင်ရွက်ထားကြောင်း အောက်ပါအတိုင်း တွေ့ရပါတယ်-
(၁) Startup SG Founder ဟာ တီထွင်ဆန်းသစ်တဲ့ စီးပွားရေးစိတ်ကူးစိတ်သန်း တွေနဲ့ ပထမဆုံး စတင်ထူထောင်တဲ့ ပေါ်ထွန်းစလုပ်ငန်းလေးတွေကို လိုအပ်တဲ့ လမ်းညွှန်ပြသမှု၊ ငွေကြေးထောက်ပံ့ပေးမှု ဆောင်ရွက်ပေးပါတယ်။ ငွေကြေး ထောက်ပံ့ပေးရာမှာ ပေါ်ထွန်းစလုပ်ငန်းက စင်္ကာပူတစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံတိုင်း Startup SG Founder က သုံးဒေါ်လာနှုန်းနဲ့ ဒေါ်လာသုံးသောင်းအထိ ထည့်ဝင် ပေးပါတယ်။
(၂) Startup SG Tech ဟာ လက်ရှိဈေးကွက်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် ဈေးကွက်အသစ်ကိုပါ ဖန်တီးပေးနိုင်လောက်မယ့် နည်းပညာသစ်နဲ့ ဆောင်ရွက် နိုင်စွမ်းရှိမယ့် ပေါ်ထွန်းစလုပ်ငန်းလေးတွေကို စီမံကိန်းထောက်ပံ့ငွေ ပေးအပ် မြှင့်တင်ပေးတာ တွေ့ရပါတယ်။
(၃) Startup SG Equity ဟာ နည်းပညာအခြေခံတဲ့ ပေါ်ထွန်းစလုပ်ငန်းလေးတွေမှာ စင်္ကာပူအစိုးရက ပူးတွဲပါဝင်ရင်းနှီးမြှုပ်နှံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဓိက အားဖြင့် လက်ရှိကျင့်သုံးဆောင်ရွက်နေတဲ့ နည်းပညာတွေကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပေးနိုင်မယ့် ပေါ်ထွန်းစလုပ်ငန်းတွေမှာ စင်္ကာပူအစိုးရက ၇၀% အထိ ထည့်ဝင်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှု စင်္ကာပူဒေါ်လာ နှစ်သိန်းခွဲထိ ထည့်ဝင် ပါတယ်။ နောက်ပိုင်းမှာ ပေါ်ထွန်းစလုပ်ငန်းက တစ်ဒေါ်လာရင်းနှီးမြှုပ်နှံတိုင်း အစိုးရက တစ်ဒေါ်လာထည့်ဝင်ပြီး ဒေါ်လာနှစ်သန်းအထိ ရင်းနှီးမြှုပ်နှံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
(၄) Startup SG Talent အစီအစဉ်ကတော့ ကမ္ဘာအဝှမ်းက စွန့်ဦးတီထွင် လုပ်ကိုင်သူတွေကို ဆွဲဆောင်နိုင်ဘို့ အလုပ်လုပ်ခွင့်၊ အလုပ်သင်အစီအစဉ် စတာ တွေ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။
(၅) Startup SG Loan ကတော့ ပေါ်ထွန်းစလုပ်ငန်းလေးတွေရဲ့ မတည်ရင်းနှီးငွေ၊ စက်ပစ္စည်းတွေ ဝယ်ယူဘို့အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကုန်သွယ်မှု အတွက် ငွေကြေးထောက်ပံ့ခြင်းစတာတွေကို စင်္ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ချေးငွေထုတ်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
အသိုက်အမြုံများ ဖန်တီးခြင်း
ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာ ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် စရိတ်ကျဉ်းကျဉ်း နဲ့ ထိထိရောက်ရောက် မိမိတို့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဘို့ အသိုက်အမြုံ (Incubator) များကို ထူထောင်ပေးထားတာလည်း တွေ့ရပါတယ်။ ပေါ်ထွန်းစလုပ်ငန်းလေးတွေဟာ Incubator တွေမှာ မိမိရဲ့လုပ်ငန်းကို ထူထောင်ဖွင့်လှစ်ပြီး အခြားပေါ်ထွန်းစလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း၊ နည်းပညာမျှဝေခြင်း စတာတွေကို ဆောင်ရွက်နိုင်ကြပါတယ်။ အဆိုပါ Incubator တွေဟာ တဖြည်းဖြည်းနဲ့ နိုင်ငံရဲ့ တီထွင်ဖန်တီး ဆန်းသစ်ရာ ဗဟိုချက်တွေအဖြစ် ပြောင်းလဲလာကြတာကိုလည်း တွေ့ရှိရပါတယ်။ Incubator တွေ ထူထောင်နိုင်ဘို့အတွက် အစိုးရက လိုအပ်တဲ့အထောက်အပံ့တွေ ဆောင်ရွက်ပေးတာကို လည်း တွေ့ရှိရပါတယ်။
ပေါ်ထွန်းစလုပ်ငန်းများနဲ့ မြန်မာနိုင်ငံ
၂၀၁၈ ခုနှစ် မေလက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ UNU-WIDER တို့ ပူးပေါင်း ဆောင်ရွက်တဲ့ မြန်မာနိုင်ငံ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ စစ်တမ်း ၂၀၁၇ အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်း တွေမှာ အများအပြားစုစည်းဆောင်ရွက်နေတယ်လို့ တွေ့ရပြီး အဓိက စီးပွားရေးလုပ်ငန်းကတော့ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ချည်မျှင်နဲ့အထည်လုပ်ငန်းတွေ၊ မြောက်ပိုင်းဒေသမှာ သစ်အခြေခံလုပ်ငန်းတွေ၊ တောင်ပိုင်းဒေသမှာ သတ္တုမဟုတ်တဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ အဓိက ဖြန့်ကျက်နေကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ လုပ်ငန်းအများစုဟာ တီထွင်ဆန်းသစ်မှု အတော် နည်းပါးပြီး နည်းပညာကလည်း နိမ့်ပါးနေတယ်လို့ တွေ့ရှိရပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ စက်ကိရိယာများဟာ လက်လုပ်ပစ္စည်းတွေ၊ ခေတ်နောက်ကျတဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ ဖြစ်နေပြီး လုပ်ငန်းများရဲ့ ၂၀% လောက်ကသာ နည်းပညာပါတဲ့ စက်ကိရိယာတွေကို ဝယ်ယူ တင်သွင်း အသုံးပြုကြကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်သူတွေမှာ နည်းပညာ အကန့်အသတ်ရှိနေတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေဟာ နည်းပညာလွှဲပြောင်းမှု အားနည်းနေကြောင်း၊ ကုန်ပစ္စည်းတစ်ခုတည်းကိုသာ ထုတ်လုပ်မှုအတွက် အားသန်နေ ကြောင်း၊ တီထွင်ဆန်းသစ်မှုနှုန်းကလည်း အလွန်နိမ့်ပါးနေကြောင်း၊ နိုင်ငံတကာ ဈေးကွက်ဝင်နိုင်ဘို့ စံချိန်စံညွှန်း အသိအမှတ်ပြုလက်မှတ်ရရှိမှုကလည်း အတော်ပင်နည်းပါးနေကြောင်း သုံးသပ် ဖော်ထုတ်ထားတာကို တွေ့ရှိရပါတယ်။
DaNa Facility ၊ UK aid နဲ့ The Asia Foundation တို့က စစ်တမ်းပြုထုတ်ဝေတဲ့ “ The Myanmar Business Environment Index 2019” မှာ စစ်တမ်းကောက်ယူရရှိချက်အရ မြန်မာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ၆၅% ဟာ မြို့နယ်အဆင့်က ထုတ်ပေးတဲ့ လိုင်စင်များဖြင့် စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေကြကာ ၁၇% ခန့်ဟာ ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီများမှာ မှတ်ပုံတင်ထားကြပြီး ၆% ကသာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ပြီး ဆောင်ရွက်နေကြောင်း၊ စီးပွားရေးလုပ်ငန်းများရဲ့ ၁၅% ဟာ မည်သည့် မှတ်ပုံတင်မှမရှိဘဲ တရားဝင်လုပ်ငန်းအဖြစ် ရပ်တည်နေခြင်း မရှိကြောင်း တွေ့ရှိရပါ တယ်။
အထက်ပါ အခြေအနေများအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ တီထွင်ဆန်းသစ်မှု၊ စံချိန်စံညွှန်းမီ ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှုတို့အတွက် အခြားနိုင်ငံများနည်းတူ ပေါ်ထွန်းစ လုပ်ငန်းများကို အားပေးမြှင့်တင်သွားဘို့ လိုအပ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ပေါ်ထွန်းစ လုပ်ငန်းများ စနစ်တကျမှတ်ပုံတင် ဆောင်ရွက်နိုင်ဘို့လည်း လမ်းခင်းပေးဘို့လိုတယ်လို့လည်း သုံးသပ်ရရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် မည်သည့် စီးပွားရေး လုပ်ငန်းမဆို ကုမ္ပဏီအဖြစ် ထူထောင်ရပ်တည်ပြီး ခိုင်ခိုင်မာမာလုပ်ငန်းချဲ့ထွင် သွားနိုင်ဘို့ အတွက် ကုမ္ပဏီဥပဒေကို ပြန်လည်ပြင်ဆင်ပေးခဲ့တဲ့အပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအပါအဝင် ကုမ္ပဏီဆိုင်ရာ လုပ်ငန်းတွေ အလွယ်တကူ အွန်လိုင်းက ဆောင်ရွက်နိုင်အောင် MyCO လို့ခေါ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ကိုလည်း ထူထောင် ပေးခဲ့ပြီးဖြစ်ပါတယ်။ MyCO ထူထောင် နိုင်ခဲ့အတွက် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းသစ်များ ကုမ္ပဏီအဖြစ် ထူထောင်နိုင်မှု တိုးတက် လာတာကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ် -
လ
၂၀၁၇-၂၀၁၈
၂၀၁၈-၂၀၁၉
ဩဂုတ်လ
၄၇၆
၁၈၁၀
စက်တင်ဘာလ
၄၅၄
၂၂၁၇
အောက်တိုဘာလ
၃၄၁
၁၆၆၇
နိုဝင်ဘာလ
၃၆၈
၁၄၃၇
ဒီဇင်ဘာ
၃၉၉
၁၃၆၄
ဇန်နဝါရီလ
၄၆၆
၁၇၃၃
ဖေဖော်ဝါရီလ
၄၃၇
၁၄၁၉
မတ်လ
၂၇၁
၁၁၀၈
ဧပြီလ
၅၄၂
၁၀၄၅
မေလ
၅၉၃
၁၄၁၁
စုစုပေါင်း
၄၃၄၇
၁၅၂၁၁
ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းများ လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဟာ ပေါ်ထွန်းစလုပ်ငန်းများအတွက် အဓိကကျတဲ့ အခြေခံတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပေါ်ထွန်းစလုပ်ငန်းတွေအတွက် အထောက်အကူပြုမယ့် အခြားအခြေအနေတွေ ဖန်တီးပေး နိုင်ဘို့လည်း ဝိုင်းဝန်းကြိုးပမ်း ပေးကြဘို့လိုအပ်ပါတယ်။ ယနေ့ ကမ္ဘာ့မျက်မှောက်အခြေအနေ အရ နိုင်ငံအများစုမှာ ပေါ်ထွန်းစလုပ်ငန်းများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ တီထွင် ဆန်းသစ်မှုနဲ့ ဖန်တီးဆောင်ရွက်မှုကလည်း ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှု ဟာ နိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေမယ့် အထောက်အပံ့လည်း ဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှုဟာ ပေါ်ထွန်းစ လုပ်ငန်းများ အားကောင်းတိုးတက်လာစေမှုနဲ့လည်း ဆက်စပ်လျက်ရှိပြန်ပါတယ်။ ပေါ်ထွန်းစ လုပ်ငန်းများရဲ့ တီထွင်ဆန်းသစ်မှုနဲ့ စိတ်ကူးစိတ်သန်း ဟာ အနာဂတ်နိုင်ငံ့စီးပွားရေးမှာ ပိုမို အရေးပါလာမှာလည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ပေါ်ထွန်းစလုပ်ငန်းများ ပိုမိုပေါ်ထွက်လာပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ဒေါက်တိုင်များအဖြစ် ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဘို့ တိုက်တွန်း လိုက်ရပါတယ်။
အောင်နိုင်ဦး