ကော်ပိုရိတ်စီမံအုပ်ချုပ်မှု
အင်္ဂလိပ်ဘာသာနဲ့ Corporate Governance လို့ အသုံးပြုတဲ့ ဝေါဟာရတစ်ခုကို မြန်မာဘာသာနဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုလို့ ဆီလျော်သလို ဘာသာပြန်ဆိုခွင့်ပြုဘို့ ဦးစွာတင်ပြလိုပါတယ်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးပွား ရေးလုပ်ငန်း လုပ်ဆောင်နေကြတဲ့ (အထူးသဖြင့်) ကုမ္ပဏီကြီးတွေအတွက် ကာလရှည် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ အများပြည်သူရဲ့ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတွေနဲ့ ပြည့်စုံတဲ့ ဝန်းကျင်တစ်ရပ်ကို ထူထောင်ဘို့ပါဘဲ။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်လာရင် တစ်ကမ္ဘာလုံးက “စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (Organization for Economic Cooperation and Development-OECD)” က အတည်ပြုထုတ်ပြန်ထားတဲ့ အခြေခံ သဘောတရားတွေကို လမ်းညွှန်သဖွယ် လက်ခံကျင့်သုံးလျက်ရှိပါတယ်။ OECD ရဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အခြေခံသဘောတရားတွေက အဓိကအားဖြင့် အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေအတွက် ဦးတည်တာဖြစ်ပေမယ့် အများနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း အသုံးတည့်မယ်ဆိုရင် ကျင့်သုံးနိုင်တယ်လို့လည်း ဆိုပါတယ်။ အခြေခံသဘောတရားတွေဟာ ကုမ္ပဏီငယ်များထက် ကုမ္ပဏီကြီးများအတွက် ပိုမို ဆီလျော်တာဖြစ်ပေမယ့် ကုမ္ပဏီငယ်များအနေနဲ့လည်း လိုက်နာကျင့်သုံးနိုင်ပါတယ်လို့ လည်း ဆိုထားပါတယ်။
ကုမ္ပဏီတွေ၊ နိုင်ငံတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီး ဈေးကွက်ရဲ့ အကျိုးအမြတ်ကို အပြည့်အဝရယူခံစားလိုတယ်ဆိုရင်၊ စိတ်ရှည်လက်ရှည်နဲ့ ကာလရှည် ဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်လိုတယ်ဆိုရင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကောင်းစွာတည်ရှိနေခြင်းက အခရာကျတဲ့အတွက် နိုင်ငံတကာက လက်ခံထားတဲ့ အခြေခံသဘောတရားတွေကို ကောင်းစွာသိရှိပြီး လိုက်နာကျင့်သုံးကြဘို့လည်း လိုအပ် ပါတယ်။ နိုင်ငံတစ်ခုအတွင်း ထိရောက်စွာ ကြီးကြပ်အကောင်အထည် ဖော်နေပြီး စိတ်ချယုံကြည်ရတဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု မူဘောင်တစ်ခု ရှိနေမယ်ဆိုရင် အကယ်၍ ကုမ္ပဏီတစ်ခုဟာ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံမယ့် အရင်းအနှီးအပေါ် အမှီမပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေလျင်တောင် ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ စိတ်ချယုံကြည်မှုရရှိပြီး ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ရရှိစေဘို့အတွက် ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု
၂၀၁၃ ခုနှစ်က OECD က အချိန်တစ်နှစ်ကျော်ယူပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒတွေကို လေ့လာသုံးသပ်မှု လုပ်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ လေ့လာသုံးသပ်မှု ကဏ္ဍအသီးသီးထဲမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း လေ့လာသုံးသပ်ခဲ့ပါတယ်။ ကံအကြောင်းမလှချင်တော့ ၎င်းတို့ရဲ့ လေ့လာသုံးသပ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး မူဘောင်လုံးဝနီးပါးမရှိ သလောက်ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ထိုစဉ်က ရှိနေတဲ့ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ ၁၉၄၀ ခုနှစ် ကုမ္ပဏီများနည်းဥပဒေများ၊ ၁၉၅၇ ခုနှစ် ကုမ္ပဏီများစည်းမျဉ်း စတာတွေမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က လက်ခံအသိအမှတ်ပြုထားတဲ့ အခြေခံသဘောတရားတွေ လုံးဝပါဝင်ခြင်း မရှိသေးဘူး လို့လည်း ဆိုပါတယ်။ အခြားအာဆီယံနိုင်ငံအများစုမှာ OECD ရဲ့ အခြေခံသဘောတရား တွေနဲ့အညီ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကို မူဘောင်ရေးဆွဲ အကောင်အထည်ဖော် နေကြပေ မယ့် မြန်မာနိုင်ငံမှာတော့ အလားတူ လုပ်ကိုင်တာမရှိသေးဘူးလို့လည်း ဆိုပြန်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာ ၂၆ နှစ်ကျော် ဖြတ်သန်း ခဲ့ရစဉ်ကာလအတွင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ လုံးဝနီးပါးကွယ် ပျောက်ခဲ့ရပြီး စီးပွားရေးနယ်ပယ်မှာ နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ ကျင့်ထုံးတွေ၊ အခြေခံသဘောတရားတွေနဲ့ အဆက်ပြတ်ခဲ့ရခြင်းက အဓိကအကြောင်းရင်းတစ်ခုလို့ ထင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်း ခဲ့ပေမယ့် မူဝါဒချမှတ်သူတွေ၊ စီးပွားရေးနယ်ပယ်ထဲက နိုင်ငံသားတွေအနေနဲ့ ကုမ္ပဏီ ထူထောင်လုပ်ကိုင်မှုတွေမှာ နိုင်ငံတကာ ကျင့်ထုံးတွေကို လိုက်နာဘို့ထက် မိမိကုမ္ပဏီ ရှင်သန်ဖွံ့ဖြိုးရေးကိုသာ အဓိကဦးတည်ဆောင်ရွက်ခဲ့ရခြင်းကလည်း မြန်မာအစိုးရဌာန အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး အသိအမြင် နည်းပါးစေခဲ့တယ်လို့လည်း သုံးသပ်လိုပါတယ်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစီးပွားရေး အသိုက်အဝန်းကို တိုးဝင်နေတဲ့ ယနေ့ကာလ၊ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ဘို့အတွက် အားယူနေတဲ့ ယခုလိုအချိန်အခါမှာ နိုင်ငံအတွင်း ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အားကောင်းလာဘို့ အစိုးရနဲ့ပုဂ္ဂလိက အတူတကွကြိုးပမ်းကြ ရမယ့်အချိန် ရောက်နေပါပြီ။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမှာ ဘာတွေလိုအပ်သလဲ?
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမှာ အဓိက အခြေခံသဘောတရားတွေအနက် အရေးကြီး တာက ရှယ်ယာပိုင်ရှင်များရဲ့ ရပိုင်ခွင့်များ၊ ရှယ်ယာရှင်များအကြား မျှတစွာ ထိတွေ့ ဆက်ဆံခြင်းနဲ့ ပိုင်ဆိုင်မှု ဆိုင်ရာကိစ္စတွေကို အကာအကွယ်ပေးဘို့၊ လွယ်ကူချောမွေ့ အောင် ဆောင်ရွက်ပေးဘို့ ဖြစ်ပါတယ်။ ရှယ်ယာပိုင်ရှင် အားလုံးဟာ မိမိရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရမှုဖြစ်ပေါ်လာရင် လျော်ကြေးပြန်လည် ရရှိနိုင်ဘို့အတွက် အခွင့်အရေးလည်း ရှိရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အခြေခံကျတဲ့ ရှယ်ယာပိုင်ရှင်တွေရဲ့ အခွင့်အရေးတွေမှာ စနစ်တကျပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ရှယ်ယာများလွှဲပြောင်းနိုင်ခြင်း၊ ကုမ္ပဏီနဲ့ ပတ်သက်ပြီး လိုအပ်သည့် သတင်းအချက်အလက်များ အချိန်မှန်ပုံမှန်ရရှိခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်တွေကို ရွေးချယ်ခြင်း/ဖယ်ရှားခြင်း၊ ကုမ္ပဏီရဲ့ အကျိုးအမြတ်ရရှိခြင်း စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင်ကုမ္ပဏီရဲ့ ဖွဲ့စည်းမှု၊ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြင်ဆင်မှု ဆိုင်ရာကိစ္စတွေ၊ ရှယ်ယာအသစ် ထပ်မံထုတ်ဝေတဲ့ကိစ္စတွေ၊ ထူးခြားတဲ့ လွှဲပြောင်းမှု ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လာရင် ရှယ်ယာဝင်တွေသိရှိခွင့်၊ အတည်ပြုခွင့်၊ ပါဝင် ဆောင်ရွက်ခွင့်၊ ဆုံးဖြတ်ခွင့်တွေဟာလည်းအခြေခံကျတဲ့ လိုအပ်ချက်တွေ ဖြစ်ကြပါတယ်။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမှာ အခြားအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကတော့ ဆက်နွယ်ပတ်သက်သူများ (Stakeholders) ရဲ့အခန်းကဏ္ဍပါ။ ၎င်းတို့ရဲ့ အခွင့်အရေး တွေကို ဥပဒေပြဋ္ဌာန်း၍ဖြစ်စေ၊ နှစ်ဦးနှစ်ဖက်နားလည်မှုဖြင့်ဖြစ်စေ ဆောင်ရွက်လေ့ ရှိကြပေမယ့် ကုမ္ပဏီနဲ့ ပါဝင်ပတ်သက်သူများကြားမှာ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုနဲ့ စဉ်ဆက်မပြတ်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက် တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေါ်လာစေဘို့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ နိုင်ငံအချို့မှာတော့ ဆက်နွယ်ပတ်သက်သူများရဲ့ အခွင့်အရေးတွေကို အလုပ်သမားဥပဒေ၊ စီးပွားရေးဆိုင်ရာဥပဒေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေစသည် ဖြင့် ဥပဒေများရေးဆွဲ ပြဋ္ဌာန်းလေ့ရှိပါတယ်။
သတင်းထုတ်ပြန်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းကလည်း ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုရဲ့ အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ အကြောင်းကိစ္စ ဖြစ်တဲ့ ငွေကြေးဆိုင်ရာ အခြေအနေ၊ လုပ်ငန်းစွမ်းဆောင်မှု၊ ပိုင်ဆိုင်မှု၊ စီမံအုပ်ချုပ်မှုစတာ တွေနဲ့ပတ်သက်လာရင် အချိန်မှန်တိကျတဲ့ သတင်းထုတ်ပြန်မှုရှိဘို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအများစု အဓိကအားနည်းပျက်ကွက်တာကတော့ ဒီကဏ္ဍပါဘဲ။ ကုမ္ပဏီအများစုဟာ မိမိကုမ္ပဏီနဲ့ပတ်သက်လာရင် တတ်နိုင်သမျှ သတင်းမှောင်ချလေ့ ရှိပြီး ပွင့်လင်းမြင်သာမှုမှာလည်း အတော်ဘဲအားနည်း နေကြပါတယ်။ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုကောင်းတစ်ခုရဲ့ သတင်းထုတ်ပြန်မှုဆိုင်ရာ အနိမ့်ဆုံးလိုအပ်ချက်ကို သတင်း ရုပ်ဒြပ် (Material Information) နဲ့တိုင်းတာလေ့ရှိပါတယ်။ သတင်းရုပ်ဒြပ်ဆိုတာ အကယ်၍ သတင်းထုတ်ပြန်ရန် ပျက်ကွက်မှု၊ သတင်းလွဲထုတ်ပြန်မှုတွေက ထိုသတင်းကို အသုံးပြုသူတွေရဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ သက်ရောက်မှုတွေဖြစ်စေ ခြင်းကို ဆိုလိုတာပါ။ တနည်းအားဖြင့် သာမန်ရင်းနှီးမြှုပ်နှံသူရှယ်ယာရှင် တစ်ဦးအတွက် ရင်းနှီးမြှုပ်နှံရာမှာဖြစ်စေ၊ မဲပေးဆုံးဖြတ်ရာမှာဖြစ်စေ စဉ်းစားဆုံးဖြတ်နိုင်ဘို့ အရေးကြီး တဲ့၊ ရရှိသင့်တဲ့သတင်းကို အချိန်မီ/အချိန်မှန် ရရှိစေဘို့လိုအပ်ပါတယ်။
ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ တာဝန်ဝတ္တရားတွေဟာလည်း ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုမှာ အကျုံးဝင်ပါတယ်။ ကုမ္ပဏီရဲ့ မဟာဗျူဟာ လမ်းညွှန်ချက်တွေ၊ ဒါရိုက်တာ အဖွဲ့ဝင်တွေရဲ့ စနစ်တကျ ကြီးကြပ်စီမံအုပ်ချုပ်မှုတွေ၊ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ ကုမ္ပဏီနဲ့ ရှယ်ယာဝင်တွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ ကုမ္ပဏီတစ်ခုအတွက် အရေးကြီးလှပါတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ကုမ္ပဏီရဲ့ မဟာဗျူဟာ လမ်းညွှန် အပေါ်အခြေခံပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်မှုတွေ၊ ရှယ်ယာဝင်တွေအတွက် လုံလောက်တဲ့ အကျိုးအမြတ်တွေရရှိရေး ဆောင်ရွက်ရင်း တစ်ဖက်ကလည်း အကျိုးစီးပွား ပဋိပက္ခတွေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်မျှတစေမှုတွေကို ကာကွယ်ထိန်းကျောင်းသွားဘို့လည်း လိုအပ်လှပါတယ်။ ဒါရိုက်တာအဖွဲ့ဟာ မိမိကုမ္ပဏီရဲ့စွန့်စားရမှုစီမံခန့်ခွဲခြင်း (Risk Management) ကိုရော၊ အခွန်အကောက်ဆိုင်ရာ/ ယှဉ်ပြိုင်မှုဆိုင်ရာ/ အလုပ်သမား ဆိုင်ရာ/ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ/ အခွင့်အရေးမျှတမှုဆိုင်ရာ/ ကျန်းမာရေးဆိုင်ရာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေများလိုက်နာမှုကိုရော ထိန်းသိမ်းကြီးကြပ်သွား ဘို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒီလိုအခြေခံအရည်အချင်းတွေနဲ့ ပြည့်စုံ တဲ့ ဒါရိုက်တာအဖွဲ့တွေ အတော်အရေအတွက် နည်းနေသေးကြောင်း တွေ့ရပါတယ်။
မြန်မာနိုင်ငံက ဘာတွေပြင်ဆင်ခဲ့သလဲ?
မြန်မာနိုင်ငံမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကွက်လပ် တွေကို ဖြည့်ဆည်းပြီး ရေခံမြေခံကောင်းတစ်ခု ထူထောင်နိုင်ဘို့ ၂၀၁၃ ခုနှစ်ကစပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးချုပ်က ၂၀၁၃ ခုနှစ် ပြင်သစ်နိုင်ငံမှာရှိတဲ့ OECD သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာကိစ္စများနဲ့ ပတ်သက်ပြီး အကူအညီပေးဘို့ တောင်းခံခဲ့ပါတယ်။ ၎င်းနောက် ၂၀၁၄ ခုနှစ်မှာ OECD က OECD - Southeast Asia Corporate Governance Initiative အစီအစဉ်ကို ရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံက ပထမအကြိမ် OECD - Southeast Asia Corporate Governance အစည်းအဝေးကို အိမ်ရှင် နိုင်ငံအဖြစ် စတင်လက်ခံကျင်းပ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါ အစည်းအဝေးတွေကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် နှစ်စဉ်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ပဉ္စမနဲ့ နောက်ဆုံးအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဆိုပါ အစည်းအဝေးအပြင် OECD Corporate Governance Round Table တွေမှာလည်း ပါဝင်ဆွေးနွေးခဲ့ပြီး နိုင်ငံအတွင်းမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာ အခြေခံသဘောတရားတွေ ခိုင်မာစွာ ထူထောင်နိုင်ဘို့ OECD ရဲ့ အကူအညီနဲ့ လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှုနဲ့လည်းကောင်း တစိုက်မတ်မတ် ပြင်ဆင်ခဲ့ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု
အများသိပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး အာဏာ သက်ဝင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေရဲ့ အားနည်းချက်တွေကို ဖော်ထုတ်သုံးသပ်ပြီး ဥပဒေစတင်ရေးဆွဲစဉ်ကတည်းက ကုမ္ပဏီ ဥပဒေမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ခေတ်နဲ့အညီ ဖြစ်အောင်၊ နိုင်ငံတကာကျင့်ထုံးတွေနဲ့ ကိုက်ညီအောင် စနစ်တကျ ထည့်သွင်းရေးဆွဲခဲ့ပါ တယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၆၀၊ ၆၁ မှာ ရှယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ပုဒ်မ ၈၃ ကနေ ၈၈ အထိ အစုရှယ်ယာလွှဲပြောင်းခြင်းနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ပုဒ်မ ၉၉၊ ၁၅၇၊ ၁၈၆၊ ၁၈၈၊ ၂၆၀ နဲ့ ၂၆၁ တွေမှာ အစုရှယ်ယာဝင်တွေ က ကုမ္ပဏီရဲ့ မှတ်တမ်းမှတ်ရာတွေကို စစ်ဆေးကြည့်ရှုခွင့်၊ ကုမ္ပဏီရဲ့ သတင်းအချက် အလက်တွေကို ရယူခွင့်၊ ပုဒ်မ ၁၄၆၊ ၁၄၈ နဲ့ ပုဒ်မ ၁၅၀ မှ ၁၅၄ အထိ အစုရှယ်ယာဝင် တွေ အစည်းအဝေးတက်ရောက်ခွင့်၊ ပုဒ်မ ၁၇၊ ၂၅ (ဃ)၊ ၁၁၆၊ ၁၂၁၊ ၁၄၆၊ ၁၅၁၊ ၁၇၃ နဲ့ ၃၄၅ တို့မှာ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အစုရှယ်ယာဝင်များ မဲပေးခွင့်စတာ တွေ ထည့်သွင်းပြဋ္ဌာန်းပြီး အစုရှယ်ယာရှင်တွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အစုရှယ်ယာဝင်များအကြား သာတူညီမျှ အခွင့်အရေးတွေ ရရှိနိုင်ဘို့ ရှယ်ယာ အနည်းစုပိုင်ဆိုင်သူတွေရဲ့ အကျိုးစီးပွားကိုလည်း ကုမ္ပဏီဥပဒေက အကာအကွယ်ပေး နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဥပဒေပုဒ်မ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၆၊ ၂၀၀၊ ၂၀၁၊ ၂၈၉ (စ) နဲ့ ၃၀၂ တွေမှာ အစုရှယ်ယာရှင်တွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိနိုင် ဘို့ ပြဋ္ဌာန်းထားပါတယ်။
ယခင် ဥပဒေဟောင်းမှာ ဒါရိုက်တာတွေရဲ့ တာဝန်နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ပြည့်စုံလုံလောက်မှု မရှိခဲ့တာကြောင့် ကုမ္ပဏီဥပဒေသစ် အခန်း ၁၈ မှာ ဒါရိုက်တာများနဲ့ ပတ်သက်တဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ အတိအကျ ထည့်သွင်းပြဋ္ဌာန်းပြီး ကုမ္ပဏီတစ်ခု ကို စီမံအုပ်ချုပ်တဲ့ ဒါရိုက်တာတွေ မလျော်မကန် မလုပ်နိုင်အောင်၊ မလျော်မကန် လုပ်ကိုင်မှုတွေရှိလာရင် လိုအပ်သလို အရေးယူနိုင်ဘို့အထိ ပြဋ္ဌာန်းပြီး ဒါရိုက်တာတွေကို ဥပဒေနဲ့အညီ ထိန်းကျောင်းဘို့ စီမံနိုင်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ကိုလည်း ပုဒ်မ ၉၀ မှ ၉၅ ၊ ၉၇၊ ၉၉၊ ၁၈၉ နဲ့ ၂၄၁ တို့မှာ တိကျစွာ ထည့်သွင်းပြဋ္ဌာန်းနိုင်ခဲ့ ပါတယ်။ ကုမ္ပဏီဥပဒေသစ် ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဟာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်က နှစ်စဉ်အကဲဖြတ်တဲ့ “စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်း အစီရင်ခံစာ (Doing Business Report)” မှာ နိုင်ငံရဲ့အဆင့်ကို ပိုမိုကောင်းမွန်လာစေဘို့ အထောက်အကူဖြစ်ရုံသာမကဘဲ နိုင်ငံသားလုပ်ငန်းရှင်များအတွက်လည်း စီးပွားရေးလုပ်ငန်းလုပ်ဆောင်ဘို့ များစွာလွယ်ကူ သွားစေခဲ့ပါတယ်။ ပိုပြီးအရေးကြီးတာက မြန်မာနိုင်ငံမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အခြေခံကောင်းတွေ ပေါ်ပေါက်လာစေဘို့အတွက် အဓိက အုတ်မြစ်တစ်ခုချနိုင်ခဲ့တာဘဲ ဖြစ်ပါ တယ်။
ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန်
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုလို့ ပြောလိုက်ရင် ကုမ္ပဏီတွေရဲ့ ဒါရိုက်တာများ အခန်း ကဏ္ဍက အလွန်ဘဲအရေးကြီးလှပါတယ်။ မြန်မာနိုင်ငံမှာရှိကြတဲ့ ကုမ္ပဏီအများစုရဲ့ အဓိက အားနည်းချက်က ကုမ္ပဏီဥပဒေကို ကောင်းစွာနားမလည်တာရယ်၊ ဒါရိုက်တာများ အနေနဲ့ မိမိရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို မကြေညက်ကြတဲ့ အခြေအနေပါ။ ကုမ္ပဏီတစ်ခု ထူထောင်ပြီးရင် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ၊ လိုက်နာ ကျင့်သုံးရမယ့် ပြဋ္ဌာန်းချက်တွေကို အခြေခံသဘောတရား နားမလည်ရင် ဥပဒေဖတ်ရုံနဲ့ အလွယ်တကူ သဘောမပေါက်နိုင်တာကြောင့် ကုမ္ပဏီဒါရိုက်တာတစ်ဦး သိသင့်တဲ့ အချက်တွေကို စုစည်းပြီး အလွယ်တကူနားလည်နိုင်အောင် ပြုစုထားတဲ့ “ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန်” ကိုလည်း DICA က ထုတ်ဝေပေးထားပါတယ်။ အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်အောင် website (www.dica.gov.mm) (www.myco.dica.gov. mm) တို့မှာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြပေးထားပါတယ်။
မြန်မာဒါရိုက်တာများအင်စတီကျု (Myanmar Institute of Directors)
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ဒါရိုက်တာများရဲ့ တစ်ဦးချင်း အရည်အသွေး မြှင့်တင်မှုနဲ့ ဒါရိုက်တာများအတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဘို့ ရည်ရွယ်ပြီး International Finance Corporation ရဲ့ အထောက်အကူ နဲ့ မြန်မာဒါရိုက်တာများအင်စတီကျုကို ၂၀၁၈ ခုနှစ် မတ်လမှာ စတင်ထူထောင်ခဲ့ပါတယ်။ အဆိုပါ အင်စတီကျုက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီအသီးသီးက ဒါရိုက်တာတွေရဲ့ ကျွမ်းကျင်မှုအရည်အသွေး ပိုမိုတောက်ပြောင်လာစေဘို့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ အခြားအစီအစဉ်တွေ တာဝန်ယူကျင်းပပေးလျက် ရှိနေပါတယ်။ မြန်မာ နိုင်ငံရဲ့ ပထမဆုံး လက်မှတ်ရဒါရိုက်တာသင်တန်းကို Singapore Management University နဲ့ ပူးတွဲပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကာ လက်မှတ်ရ ဒါရိုက်တာ (၃၆) ဦးစတင်မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ လည်း အစီအစဉ်တွေ ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ရေခံမြေခံကောင်းမွန်စေရေးအတွက် များစွာအထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။
OECD ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အချက်အလက်ရှာဖွေရေးစစ်တမ်း
မြန်မာနိုင်ငံအတွင်းမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ ပကတိအခြေအနေ ကို ဆန်းစစ်နိုင်ဘို့အတွက် OECD က စေလွှတ်လိုက်တဲ့ ပညာရှင်အဖွဲ့က လိုအပ်တဲ့ စစ်တမ်းကောက်ယူမှုတွေ ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်တွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ လမှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းရဲ့ တွေ့ရှိချက်အရ မြန်မာကုမ္ပဏီအများစုရဲ့ အဓိက အားနည်းချက်ကတော့ ရှယ်ယာပိုင်ရှင်တွေဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ မဲပေးခွင့်တွေကို နားမလည်တာ၊ မသိတာ၊ ကုမ္ပဏီဆိုင်ရာ အချက်အလက်များ ထုတ်ဖော် မြွက်ဟမှုနဲ့ပတ်သက်ပြီး အသိအမြင်နည်းတာ၊ အယူအဆလွဲတာ၊ ဒါရိုက်တာတွေဟာ မိမိတို့ရဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကို မသိရှိတာ၊ ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေ ကို ရယူခွင့်တွေ မပေးတာစတဲ့အချက်တွေကို တွေ့ရှိခဲ့ရပါတယ်။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကျင့်ထုံး (Corporate Governance Code)
မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးဘို့ အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီမံကိန်းတစ်ခုကို OECD က ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ စီမံကိန်း အတွက် DICA ၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နဲ့ OECD တို့အကြား Memorandum of Understanding for Co-operative Activities (MOU) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ MOU အရ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအကြံပေး ကော်မတီကို OECD က ပညာရှင်များ၊ DICA ၊ SECM ၊ ဗဟိုဘဏ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး အကြံပေးကော်မတီအနေနဲ့ ကော်မတီ၏ အစည်းအဝေးအစီအစဉ်များကို ညှိနှိုင်းခြင်း၊ ကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည့် အချက်အလက်များနှင့်ကိစ္စရပ်များကို ပြင်ဆင်ခြင်း၊ ကော်မတီ အစည်းအဝေး ကျင်းပရန်အတွက် အစည်းအဝေးခန်းမနှင့် လိုအပ်သည်များ ပံ့ပိုးပေးခြင်းနှင့် အများပြည်သူသို့ ချပြမည့် သတင်းအချက်အလက်များကို ဖြန့်ဝေ ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်တွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက စတင်ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ OECD မှ မြန်မာနိုင်ငံရဲ့ Corporate Governance နှင့်စပ်လျဉ်းတဲ့ အစီရင်ခံစာမူကြမ်းကို အကြံပေးကော်မတီသို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွက် မိမိနိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် Corporate Governance Code ရေးဆွဲနိုင်ဘို့အတွက် အပြီးသတ် အစီရင်ခံစာကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်သွားနိုင်ဘို့ DICA နဲ့ SECM တို့က ပူးပေါင်းကြိုးပမ်း ဆောင်ရွက် လျက်ရှိနေပါတယ်။
ဘာတွေက အရေးကြီးသလဲ?
ထိရောက်တဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတစ်ခု ဖြစ်ပေါ်လာစေဘို့ ခိုင်မာတဲ့ဥပဒေ မူဘောင်၊ စည်းမျဉ်းမူဘောင်နဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာမူဘောင်တွေ လိုအပ်ပါ တယ်။ အဆိုပါ မူဘောင်တွေကို စီးပွားရေးနယ်ပယ်က အမှီသဟဲပြုနိုင်မှသာ ပုဂ္ဂလိက ကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ကျယ်ပြန့်စွာ လက်ခံကျင့်သုံးလာနိုင်စေဘို့ နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ရန်ကိစ္စများကို အစီအစဉ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကျင့်ထုံးတစ်ခုလည်း ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ နိုင်ငံအတွင်းမှာရှိတဲ့ စာရင်းဝင် အများနှင့် သက်ဆိုင်သောကုမ္ပဏီများ (Public Listed Companies) ၊ စာရင်းမဝင်သေးတဲ့ အများနှင့် သက်ဆိုင်သောကုမ္ပဏီများ (Public Companies) နဲ့ ကုမ္ပဏီကြီးများအနေနဲ့ မိမိကုမ္ပဏီ မှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတွေ အင်အားကောင်းစွာနဲ့ နေသားတကျဖြစ်အောင် စတင် ပြင်ဆင်သွားကြဘို့နဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အားနည်းတဲ့ကုမ္ပဏီတွေဟာ အနာဂတ် ဈေးကွက်မှာ နေရာပျောက်တော့မယ်ဆိုတာကို သတိမူမိကြဘို့ပါဘဲ။
အောင်နိုင်ဦး