ဆောင်းပါးများ

စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုလွယ်ကူခြင်းအစီရင်ခံစာ

နိုင်ငံတစ်ခုမှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ဘို့ ဘယ်လောက်လွယ်ကူတယ်ဆိုတာကို ကမ္ဘာ့ဘဏ်က နှစ်စဉ်အချက်အလက် ကောက်ခံစစ်တမ်းပြုပြီး “စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှု အစီရင်ခံစာ (Doing Business Report)” ထုတ်ပြန်လေ့ရှိပါတယ်။ အစီရင်ခံစာရဲ့ နှစ်သတ်မှတ် ချက်ကို ထုတ်ပြန်တဲ့နှစ်ထက် တစ်နှစ်စောပြီး သတ်မှတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ ယခင်တုံးက ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းသုံးသပ်တာ မခံခဲ့ရဘဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ “စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှု အစီရင်ခံစာ ၂၀၁၄” မှာ စတင်ပါဝင်လာပြီး နှစ်စဉ်ကမ္ဘာ့ဘဏ်ရဲ့ အကဲဖြတ်မှုမှာ အကျုံးဝင် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကတော့ ၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် အစီရင်ခံစာ စတင်ထုတ်ပြန်ခဲ့တဲ့နေ့ကတော့ ကျွန်တော့်အတွက် အမှတ်တရ ရှိစေခဲ့ပါတယ်။ မြန်မာနိုင်ငံ ပထမဆုံး ပါဝင်လာတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ရခဲ့တဲ့အဆင့်က နိုင်ငံပေါင်း ၁၈၉ ခုမှာ အဆင့် ၁၈၂ ပါ။ ကျွန်တော်တို့ နိုင်ငံနောက်မှာ ကမ္ဘာ့မြေပုံပေါ်မှာ ခက်ခက်ခဲခဲရှာဖွေရတဲ့ အာဖရိက နိုင်ငံအချို့အပါအဝင် (၇) နိုင်ငံဘဲ ရှိပါတယ်။ အဲဒီနေ့က စီးပွားရေးကိစ္စတွေကို တာဝန်ယူထားကြတဲ့ ဝန်ကြီးတွေ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ ကြပြီး သမ္မတရုံးမှာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ပကတိအတိုင်း လက်ခံပြီး ပိုမို တိုးတက်အောင်လုပ်ကြဘို့ လမ်းညွှန်ကြောင်း သိခဲ့ရပါတယ်။ ပိုဆိုးတာက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါတဲ့ကဏ္ဍ (၁၀) ခုအနက်မှာ “စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း (Starting a Business)” အကဲဖြတ်မှုမှာ မြန်မာပြည်က ၁၈၉ နိုင်ငံအနက် အဆင့် ၁၈၉ ဖြစ်ခဲ့ပြီး “အနည်းစုရင်းနှီးမြှုပ်နှံသူများအားအကာအကွယ်ပေးခြင်း (Protecting Minority Investors)” အကဲဖြတ်မှုမှာ အဆင့် ၁၈၂ ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်ချက်လုံးဟာ  ကျွန်တော့်ဌာနနဲ့ သက်ဆိုင် နေတဲ့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန (DICA) ကို ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ 

ဖြတ်သန်းခဲ့ရသည့်ခရီး

၂၀၁၄ ခုနှစ် အစီရင်ခံစာ ထွက်ပေါ်ချိန်ကစတင်ပြီး ကမ္ဘာ့ဘဏ်ရဲ့ အကဲဖြတ်မှုမှာ အဆင့် ပိုမိုတိုးတက်လာစေဘို့ ပြင်ဆင်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အစိုးရကာလမှာ ၂၀၁၆ ခုနှစ်ကစပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ အဆင့်ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် ရည်မှန်းချက်ကြီးကြီး ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ယခုထွက်ပေါ်လာတဲ့ အစီရင်ခံစာအပေါ် ယခင်နှစ်တွေက ရရှိခဲ့တဲ့ရလဒ်တွေနဲ့ ချိန်ထိုးသုံးသပ်ရင် မြန်မာနိုင်ငံဖြတ်သန်းခဲ့တဲ့ (၇) နှစ်တာ ခရီးရဲ့ အတက်အကျတွေကို အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ် - 

ဘာတွေလုပ်ခဲ့သလဲ?

ကမ္ဘာ့ဘဏ်အကဲဖြတ်မှုကဏ္ဍ (၁၀) ခုထဲက ထိုစဉ်က ကျွန်တော်တာဝန်ယူရတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ကဏ္ဍ (၂) ခုဖြစ်တဲ့ “စီးပွားရေး လုပ်ငန်းတစ်ခုစတင်ခြင်း (Starting a Business)” နဲ့ “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (Protecting Minority Investors)” တို့မှာ အဆင့် ပိုမိုကောင်းမွန်စေ ရေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ထိုစဉ်က ကမ္ဘာ့ဘဏ်ရဲ့ အကဲဖြတ်မှုအရ မြန်မာနိုင်ငံမှာ ကုမ္ပဏီ မှတ်ပုံတင်လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့အဆင့် (၁၁) ဆင့်ရှိနေပြီး လုပ်ငန်းစဉ်အတွက် ကြာမြင့်ချိန် က ပျမ်းမျှ (၇၂) ရက်ရှိကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်ဘို့ ကုန်ကျစရိတ်က နိုင်ငံသား တစ်ဦးပျမ်းမျှ ဝင်ငွေရဲ့ ၁၇၆.၇ ရာခိုင်နှုန်း ကုန်ကျနေပြီး ကုမ္ပဏီထောင်ဘို့အတွက် အနည်းဆုံး မတည်ငွေရင်း ကလည်း နိုင်ငံသားတစ်ဦး ပျမ်းမျှဝင်ငွေရဲ့ ၇၀၁၆ ရာခိုင်နှုန်း ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ 

ကျွန်တော့်ဌာန တာဝန်ယူရတဲ့ကဏ္ဍ (၂) ခုနဲ့ ပတ်သက်ရင် အခရာအကျဆုံးက ခေတ်နောက်ကျနေတဲ့ “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၁၉၁၄” ကို ခေတ်မီအောင် ပြန်လည် ပြင်ဆင်ဘို့ဖြစ်နေတာ တွေ့ရပါတယ်။ တကယ်တော့ အစီရင်ခံစာ ထွက်တဲ့အချိန်မှာ ကျွန်တော် တို့ရဲ့ ကုမ္ပဏီဥပဒေကို ပြင်ဆင်ဘို့ စတင်သုံးသပ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဥပဒေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ဘို့ အကူအညီပေးရေး အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) က ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရောက်စဉ်မှာ  ကျွန်တော်က အကူအညီ တောင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ဖိလစ်ပိုင်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်မှာ ADB ကို ထပ်မံသွားရောက် အကူအညီတောင်းခဲ့တဲ့အခါ ADB က အကူအညီ ပေးမယ်လို့ ပြန်ကြားချက်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွမ်းကျင်သူ ပညာရှင် နှစ်ယောက်ကို မြန်မာပြည်ကို စေလွှတ်ပေးပြီး (၂) လ နီးပါးခန့် ကုမ္ပဏီဥပဒေနဲ့ ပတ်သက်လို့ လေ့လာ ဆန်းစစ်မှု ဆောင်ရွက်ပြီးတဲ့အခါ လက်ရှိဥပဒေကို ပြန်လည်ပြင်ဆင်တာထက် ဥပဒေသစ် ရေးဆွဲတာက ပိုကောင်းမယ်လို့ သုံးသပ်ရရှိခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီဥပဒေသစ် ပြန်လည် ရေးဆွဲခွင့်ပြုဘို့ အကြီးအကဲများထံ တင်ပြလိုက်တဲ့အခါ သဘောတူပေးခဲ့တဲ့အတွက် ဥပဒေ ရေးဆွဲမှု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီဥပဒေသစ်ရေးဆွဲဘို့ ADB က ဥပဒေပညာရှင်နှစ်ဦး စေလွှတ်ပေးခဲ့ပြီး ကျွန်တော်တို့ဌာနက အကြီးတန်းအရာရှိများနဲ့ ပူးတွဲကာ ဥပဒေသစ်ကို စတင်ရေးဆွဲခဲ့ပါတယ်။

ဘယ်လိုလုပ်ခဲ့လဲ?

၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲမှာ ဥရောပနိုင်ငံများရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို လေ့လာနမူနာယူနိုင်ဘို့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လေ့လာရေး သွားရောက်တဲ့ခရီးစဉ်မှာ ကျွန်တော်လိုက်ပါခွင့် ရခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်အတွင်း မှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနဲ့ ပတ်သက်ပြီး လေ့လာကြတဲ့အခါ ကုမ္ပဏီ မှတ်ပုံတင် လုပ်ငန်းကို Online က ဆောင်ရွက်ခြင်းရဲ့ အကျိုးရလဒ်တွေကို လေ့လာတွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ မှာလည်း တစ်နေ့နေ့တစ်ချိန်ချိန် Online က ကုမ္ပဏီမှတ်ပုံတင်နိုင်အောင်လုပ်ဘို့ အိမ်မက် တစ်ခု မွေးဖွားခဲ့ပါတယ်။ ADB ကို ကုမ္ပဏီဥပဒေပြန်လည် ရေးဆွဲပြီးတဲ့အခါ Online က မှတ်ပုံတင် နိုင်တဲ့ စနစ်တစ်ခုတည်ဆောက်နိုင်ရေး အကူအညီပေးဘို့ ဆက်လက်မေတ္တာရပ်ခံ ခဲ့တဲ့အခါ သူတို့က လိုလိုလားလားဘဲ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီဥပဒေ ရေးဆွဲတဲ့ အခါမှာ အီလက်ထရောနစ် နည်းစနစ်တွေ အသုံးပြုမှုကို ဥပဒေထဲမှာ အကျုံးဝင်အောင် ထည့်သွင်း ညှိနှိုင်းရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေ ၁၉၁၄ ခုနှစ်မှာ ချို့ယွင်း အားနည်းခဲ့တဲ့ ရှယ်ယာအနည်းစုပိုင်ဆိုင်သူများအပေါ် အကာအကွယ်ပေးတဲ့ ပြဋ္ဌာန်း ချက်တွေကို ဥပဒေသစ်မှာ နိုင်ငံတကာ အကောင်းဆုံးကျင့်ထုံးများနှင့်အညီ ပြဋ္ဌာန်းနိုင်ဘို့ ထည့်သွင်း ရေးဆွဲခဲ့ပါတယ်။ 

ဥပဒေသစ် ရေးဆွဲနေဆဲ ကာလအတွင်းမှာ ဌာနအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ရာမှာ မလိုလားအပ်တဲ့ ကန့်သတ်မှုတွေကို လေ့လာသုံးသပ် ဖြေလျော့မှုများ ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီ မှတ်ပုံတင်လုပ်ငန်းစဉ်ကို ရက်သတ္တပတ်များစွာ အချိန်ယူဆောင်ရွက်ရတဲ့ အခြေအနေကနေ ဝန်ထမ်းများ အပင်ပန်းခံ ကြိုးပမ်းဆောင်ရွက်ပြီး သုံးရက်အတွင်း ပြီးမြောက်အောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်မှုရဲ့ ရလဒ်အဖြစ် ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ Starting a Business နဲ့ပတ်သက်ပြီး တိုးတက်မှုအရှိဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က အသိအမှတ်ပြုခံခဲ့ရပါတယ်။ 

ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါ အီလက်ထရောနစ် Online ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းတွေ တပါတည်း ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ စင်္ကာပူသံအမတ်ကြီးကို စင်္ကာပူနိုင်ငံက The Accounting and Corporate Regulatory Authority-ACRA ကို သွားရောက်လေ့လာနိုင်ရေး စီစဉ်ပေးဘို့ ကျွန်တော် သွားရောက် မေတ္တာရပ်ခံပြီး ၂၀၁၄ ခုနှစ်အတွင်း ကျွန်တော်နဲ့အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က အရာရှိအချို့ စင်္ကာပူနိုင်ငံမှာ Online က ကုမ္ပဏီမှတ်ပုံတင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်မံသွားရောက်လေ့လာပြီး မိမိတို့ပြင်ဆင်ရန် လိုအပ်တဲ့ကိစ္စရပ်တွေကို စတင်ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာ ဟောင်ကောင်ကို ရောက်ရှိခိုက် Company House ကို သွားရောက်ပြီး Online က ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်နေမှုကို ထပ်မံလေ့လာခဲ့ပါတယ်။ အဆိုပါ လေ့လာမှုနှစ်ခုက ကိုယ့်နိုင်ငံမှာ Online မှတ်ပုံတင်လုပ်ငန်း တွေ ဆောင်ရွက်နိုင်ဘို့ ဘာတွေပြင်ဆင်ရမယ်ဆိုတာ အသိအမြင်တွေရခဲ့ပါတယ်။


ဘာတွေပြင်ဆင်ခဲ့သလဲ?

စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံကျောရိုးဖြစ်တဲ့ ကုမ္ပဏီဥပဒေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့ပါတယ်။ အဆိုပါဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းက မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကဲဖြတ်တဲ့ “စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း (Starting a Business)” နဲ့  “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (Protecting Minority Investors)” ကဏ္ဍနှစ်ရပ်မှာ ယနေ့ထွက်ပေါ်လာတဲ့ ရလဒ်ရအောင် လမ်းခင်းပေးလိုက်တာဘဲ ဖြစ်ပါတယ်။

ဥပဒေကို လွှတ်တော်က အတည်ပြုပေးနိုင်ဘို့ ဆောင်ရွက်နေတဲ့အချိန်မှာ DICA အနေနဲ့ အမာထည် (Hardware) ရော၊အပျော့ထည် (Software) ရောပြင်ဆင်မှု စတင်ခဲ့ပါတယ်။ အမာထည်တွေ ပြင်ဆင်မှုလုပ်တဲ့အခါ Online စနစ်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ် ဓါတ်အား ၂၄ နာရီရရှိရေးအတွက် ဆောင်ရွက်ခြင်း အပါအဝင် အများပြည်သူကို ဝန်ဆောင်မှု ပေးတဲ့အခါ လိုအပ်မည့် ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ ဖြည့်တင်းမှုကို ကြိုတင်ဆောင်ရွက် ခဲ့ပါတယ်။ အပျော့ထည်ပိုင်းပြင်ဆင်တဲ့အခါ ADB ကငှားရမ်းပေးတဲ့ Software Developer-Paradigm Application Co., Ltd. နဲ့မိမိဌာနက သတင်းအချက်အလက် နည်းပညာ တတ်ကျွမ်းသူဝန်ထမ်းများ ပူးတွဲဆောင်ရွက်ခဲ့ကြပါတယ်။ တဆက်တည်းမှာ ကုမ္ပဏီဥပဒေသစ်နဲ့ ပတ်သက်တဲ့ ဌာနတွင်း သင်တန်း၊ Online ကုမ္ပဏီမှတ်ပုံတင် စနစ်နဲ့ ပတ်သက်တဲ့ ဌာနတွင်းသင်တန်းတွေ ဖွင့်လှစ်ပြီး ဝန်ထမ်းများကို (၆) လခန့် ကြိုတင်လေ့ကျင့် ဆောင်ရွက် ခဲ့ပါတယ်။ တဆက်တည်းမှာ Online ကို အကျွမ်းတဝင် မရှိတဲ့ အများပြည်သူအတွက် မိမိတို့ ဝန်ထမ်းများက လိုအပ်သလို ကူညီဝန်ဆောင်မှုပေးနိုင်ဘို့ Onlineဝန်ဆောင်မှု (Kiosk) တွေကို ရုံးချုပ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှာ ကြိုတင်ဖြန့်ခွဲ ဖွင့်လှစ်ပြင်ဆင်ပြီး လိုအပ်တဲ့ လေ့ကျင့်မှုတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။






၎င်းအပြင် ကုမ္ပဏီဥပဒေသစ်နဲ့ Online ကုမ္ပဏီမှတ်ပုံတင် စနစ်ကို လက်တွေ့အသုံးချ ဆောင်ရွက်ကြမယ့် အများပြည်သူ အကျွမ်းတဝင် ရှိစေဘို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက စီးပွားရေး လုပ်ငန်းရှင်များအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ အကြိမ်ကြိမ် သွားရောက်ကျင်းပ ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာ့ရုပ်မြင်သံကြား ကလည်း ကုမ္ပဏီဥပဒေသစ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တွေကို ကာတွန်း Animation နဲ့ ထုတ်လွှင့်ပြသမှုတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပြင်ဆင်မှုတွေနဲ့ လုပ်ငန်းစဉ်တွေ အားလုံးပြီးပြည့်စုံပြီးနောက် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ စတင်အာဏာ သက်ရောက်ခဲ့ပြီး တစ်ရက်တည်းမှာ မြန်မာနိုင်ငံ အတွက် Online က အများပြည်သူကို ဝန်ဆောင်မှုပေးနိုင်တဲ့ “မြန်မာကုမ္ပဏီအွန်လိုင်းစနစ်-Myanmar Companies Online-MyCO” ကလည်း စတင်အသက်ဝင်လာခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီဥပဒေသစ်နဲ့ MyCO က မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်ရဲ့ အကဲဖြတ်မှုကို သိသာထင်ရှား တဲ့ အရွေ့တစ်ခုကို ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။



ရလဒ်များ

ကမ္ဘာ့ဘဏ်က အကဲဖြတ်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်း အစီရင်ခံစာပါ ကဏ္ဍ (၁၀) ခုအနက်မှ DICA က တာဝန်ယူရတဲ့ ကဏ္ဍ (၂) ခုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ် ပြောင်းလဲလာမှုကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်- 

စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း




အနည်းစုရင်းနှီးမြှုပ်နှံသူများအားအကာအကွယ်ပေးခြင်း






အထက်ပါ ကဏ္ဍ (၂) ခုလုံးမှာ မြန်မာနိုင်ငံအနေနဲ့ အဆိုးရွားဆုံး အခြေအနေက စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆောင်ရွက်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှု၊ လွှတ်တော်ရဲ့ ပံ့ပိုးကူညီမှု၊ ဒုတိယသမ္မတရဲ့ လမ်းညွှန်ကြပ်မတ်မှုများနဲ့ DICA ဝန်ထမ်းများက တစိုက်မတ်မတ် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုပြင်ပြောင်းလဲမှု ထိပ်တန်းနိုင်ငံ ၂၀ စာရင်းထဲမှာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ထည့်သွင်းအသိအမှတ်ပြု သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပေါ် အသိအမှတ်ပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍ (၅) ရပ်ထဲမှာ Starting a Business နဲ့ Protecting Minority Investors ကဏ္ဍ (၂) ခုလုံးမှာ မြန်မာနိုင်ငံအနေနဲ့ သိသာတဲ့ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ညွှန်းခဲ့ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ “စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းကဏ္ဍ” နဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ် အစီရင်ခံစာပါ အခြေအနေအရ မြန်မာနိုင်ငံရဲ့အဆင့် တိုးတက်ဖြစ်ပေါ်လာမှုကို အခြားအာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ် - 


အလားတူဘဲ ကုမ္ပဏီဥပဒေသစ် ပြဋ္ဌာန်းနိုင်မှုကြောင့် “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းကဏ္ဍ” မှာ မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ်က အခြေအနေနဲ့ အဆင့်တိုးတက် လာမှုကို အခြားအာဆီယံနိုင်ငံတွေနဲ့ ချိန်ထိုးကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာလည်း ဖြစ်ပါတယ် - 


တကယ်တော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့၊ ဆောင်ရွက်နေဆဲ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေဟာ ကမ္ဘာ့ဘဏ်က နှစ်စဉ်အကဲဖြတ်တဲ့ အဆင့်သတ်မှတ်ချက် ပိုမိုကောင်းမွန်ရေး တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းက စီးပွားရေး အသိုက်အဝန်း တစ်ခုလုံးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူ ချောမွေ့ဘို့၊ ပိုမိုပြီးလုပ်သာကိုင်သာရှိဘို့ ဦးတည်ဆောင်ရွက်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရင်းက  ယခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ “စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း” နဲ့ ပတ်သက်ပြီး ယခင်နှစ်အဆင့် ၁၅၂ ကနေ ယခုနှစ်မှာ အဆင့် ၇၀ ထိရောက် အောင် ၈၂ ဆင့် ခုန်ပြန်ကျော်လွှား တိုးတက်မှု ရရှိခဲ့တာဖြစ်ပါတယ်။  ဒီကဏ္ဍမှာ  မြန်မာနိုင်ငံ အပေါ် အကဲဖြတ်တဲ့ ရမှတ် ၈၉.၃ မှတ်ရရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ အရှေ့အာရှနဲ့ ပစိဖိတ် ပျမ်းမျှရမှတ် ၈၃.၉ မှတ်ကို ကျော်လွန်ခဲ့ပါတယ်။ ဒီကဏ္ဍမှာ မြန်မာနိုင်ငံရရှိတဲ့အဆင့်ဟာ   မလေးရှား (အဆင့်-၁၂၆)၊ အိန္ဒိယ (အဆင့်-၁၃၆) နဲ့ အင်ဒိုနီးရှား (အဆင့်-၁၄၀) တို့ထက် များစွာ ကျော်လွန်ခဲ့ကြောင်းကိုလည်း တွေ့ရှိရပါတယ်။  နောက်ဆုံးအဆင့်က စတင်ခဲ့ရတဲ့ ကဏ္ဍနှစ်ခုကို တိုးတက်မှုတွေ ရရှိအောင် ခုနှစ်နှစ်တာ ကာလအတွင်း တစိုက်မတ်မတ် ကြိုးစားဆောင်ရွက် ခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဝန်ထမ်း အားလုံးကိုလည်း ဂုဏ်ပြုလိုက်ပါတယ်။

အောင်နိုင်ဦး