ဆောင်းပါးများ

နိုင်ငံတစ်ခုအတွင်းကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး မမျှမတ အခြေအနေတွေ ဖြစ်လာလို့ တင်သွင်းနိုင်ငံမှာ ထိခိုက်မှုတွေရှိလာရင် ကုစားနိုင်ဘို့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (General Agreement on Tariffs and Trade) ပုဒ်မ ၆ နဲ့ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်တွေကို ပေါင်းစုပြီး Trade Remedy လို့ သုံးစွဲတာကို “ကုန်သွယ်မှု ကုထုံးများ” လို့ မြန်မာဘာသာပြန်ဆို သုံးစွဲခွင့်ပြုဘို့ ဦးစွာတင်ပြလိုပါတယ်။ 

အယူအဆအလွဲများ 

“တစ်ဖက်နိုင်ငံက ကိုယ့်နိုင်ငံထဲကို သုံးပြီးသား ပစ္စည်းအဟောင်းတွေ (Used) တင်ပို့နေ တာဟာ Dumping (စုပုံတင်ပို့ခြင်း) လုပ်နေတာဖြစ်လို့ တားမြစ်သွားဘို့လိုတယ်။” 

“သူများနိုင်ငံတွေမှာ ကိုယ့်နိုင်ငံအတွင်းက အားမကောင်းသေးတဲ့ စက်မှုလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားအောင် ပြည်ပက သွင်းလာတဲ့ အမျိုးတူကုန်ပစ္စည်းတွေကို Anti-dumping Tax (စုပုံတင်ပို့မှုတန်ပြန်သည့်အခွန်) ကောက်ပြီး မိမိပြည်တွင်း စက်မှုလုပ်ငန်းကို အကာအကွယ်ပေးနိုင်ဘို့ ဆောင်ရွက်နေတာကို မြန်မာနိုင်ငံက နမူနာယူဆောင်ရွက်သင့်တယ်။”

“ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကြောင့် ကိုယ့်နိုင်ငံအတွင်းက စက်မှုလုပ်ငန်း တွေ ထိခိုက်မှုမရှိစေဘို့ Safeguard Measures (ဘေးဆီးရန်ကာ အစီအစဉ်) တွေချမှတ်ပြီး သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ယူသင့်တယ်။” 

အထက်မှာ ဖော်ပြထားတဲ့ အခြေအနေများက ပြည်တွင်းလုပ်ငန်းရှင်များအကြား၊ မူဝါဒထိန်းကျောင်းသူများအကြား မကြာခဏ ပြောဆိုဆွေးနွေးနေကြတဲ့ ဆွေးနွေးမှုတွေဘဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ချမှတ်ထားတဲ့ ကုန်သွယ်မှု ကုထုံးတွေကို မိမိနားလည်သလို အဓိပ္ပာယ်ဖွင့်ဆို ပြောဆိုနေကြတာလို့ဘဲ သုံးသပ်ပါတယ်။ 

လွတ်လပ်တဲ့ ကုန်သွယ်မှုလား၊ မျှတတဲ့ ကုန်သွယ်မှုလား?

အများစုကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုတာ လွတ်လပ်တဲ့ကုန်သွယ်မှု (Free Trade) ကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလို့ မြင်ကြပါတယ်။ တကယ်တော့ လွတ်လပ်တဲ့ ကုန်သွယ်မှုတိုင်းဟာ အမြဲတမ်းမျှတဲ့ ကုန်သွယ်မှုမဟုတ်ပါဘူး။ (Free Trade is not always fair trade) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အဓိက အခြေခံက ပွင့်လင်းမျှတပြီး ကမောက်ကမ မဖြစ်စေတဲ့ ယှဉ်ပြိုင်မှုအတွက် စည်းမျဉ်းတွေ ချမှတ်ထိန်းကျောင်းမှုဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ သဘောတူညီချက် အများအပြားဟာ မျှတတဲ့ယှဉ်ပြိုင်မှုကို ဦးတည် ရေးဆွဲထားတာဖြစ်တယ်ဆိုတာလည်း တွေ့ရပါတယ်။ အဲဒီထဲမှာ ကုန်သွယ်မှုကုထုံးတွေလည်း ပါဝင်ပါတယ်။ မျှတတဲ့ ကုန်သွယ်မှုပျက်ယွင်းခဲ့ရင် ကုန်ပစ္စည်းတင်သွင်းတဲ့ နိုင်ငံရဲ့ကုန်ထုတ် လုပ်ငန်းတွေအပြင် နိုင်ငံတစ်ခုကို အမျိုးတူကုန်ပစ္စည်းတင်ပို့နေတဲ့ တတိယနိုင်ငံက ကုန်ပစ္စည်း တင်ပို့သူတွေကိုလည်း  ထိခိုက်နစ်နာမှုရှိစေနိုင်ပါတယ်။ 

ကုန်သွယ်မှုကုထုံးများ

မျှတတဲ့ ကုန်သွယ်မှုဖြစ်စေဘို့အတွက်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ကုန်သွယ်မှုကုထုံးတွေ ကို အဖွဲ့ဝင်နိုင်ငံများကို ကျင့်သုံးခွင့်ပေးထားပါတယ်။ အဓိကအားဖြင့် ကုန်သွယ်မှုကုထုံးထဲမှာ ကျင့်သုံးနိုင်တဲ့ နည်းလမ်း သုံးသွယ်ရှိပါတယ်။ ၎င်းနည်းလမ်းသုံးသွယ်ကို အောက်ပါအတိုင်း အကြမ်းဖျဉ်း ရှင်းပြလိုပါတယ် -

(က) စုပုံတင်ပို့ခြင်း (Dumping) ။    နိုင်ငံတစ်ခုက မိမိထုတ်လုပ်တဲ့ ကုန်ပစ္စည်း တစ်ခုကို အခြားနိုင်ငံဈေးကွက်တစ်ခုမှာ မိမိနိုင်ငံကထုတ်လုပ်တဲ့ ဈေးနှုန်းထက် လျော့ချပြီး တင်ပို့ရောင်းချတာကို စုပုံတင်ပို့ခြင်းလို့ ခေါ်ပါတယ်။ အချို့နိုင်ငံတွေ က မိမိတို့ ကုန်ပစ္စည်း ဈေးကွက်ရရှိဘို့အတွက် ဒီနည်းလမ်းကို ဆောင်ရွက်လေ့ ရှိကြပါတယ်။ အဆိုပါနည်းလမ်းနဲ့တင်ပို့မှုတွေရှိလာရင် ပစ္စည်းတင်သွင်းတဲ့နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ထိခိုက်မှု ရှိလာမှာဖြစ်ပါတယ်။ ၎င်းအခြေအနေကို  ကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံက စုံစမ်းဖော်ထုတ်တွေ့ရှိရင် အဆိုပါ ကုန် ပစ္စည်းတင်ပို့တဲ့ နိုင်ငံကထုတ်လုပ်တင်ပို့တဲ့ ပစ္စည်းအပေါ်မှာ စုပုံမှုတန်ပြန်ခြင်း (Anti-dumping) ဆောင်ရွက်ခွင့် ရှိပါတယ်။ တနည်းအားဖြင့်တော့ အဆိုပါ နိုင်ငံက တင်ပို့လိုက်တဲ့ ကုန်ပစ္စည်းကို အကောက်ခွန်နှုန်း မြှင့်တင်ကောက်ခံ လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ 

( ခ ) ထောက်ပံ့မှုပြု ကုန်ပစ္စည်းထုတ်လုပ်ခြင်း (Subsidy) ။    နိုင်ငံတစ်ခုရဲ့ အစိုးရ က မိမိနိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်း စေဘို့အတွက် ပစ္စည်းထုတ်လုပ်သူတွေကို ငွေကြေးဖြင့်ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ အထောက်အပံ့ပေးပြီး ကုန်ပစ္စည်းထုတ်လုပ် တင်ပို့စေ တာ ဖြစ်ပါတယ်။ ရလဒ်ကတော့ အဆိုပါ နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်း တွေဟာ တစ်ခြားနိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေထက် ဈေးနှုန်း ပိုမို သက်သာစွာနဲ့ ရောင်းချလို့ရပြီး ဈေးကွက်ပိုမိုရရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဆောင်ရွက်မှုဟာ ကုန်ပစ္စည်းတင်သွင်းတဲ့ နိုင်ငံရဲ့ ကုန်ထုတ် လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလားတူအခြေအနေ ဖြစ်လာရင် တင်သွင်းတဲ့ နိုင်ငံက လိုအပ်တဲ့ စုံစမ်းဖော်ထုတ်မှု ဆောင်ရွက်ပြီး ထောက်ပံ့မှုပြု ကုန်ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ဟန်ချက်ညီ လုပ်ဆောင်မှု (Countervailing) ဆောင်ရွက်နိုင်ပါတယ်။ တနည်း အားဖြင့် Countervailing Tariff လို့ခေါ်တဲ့ သတ်မှတ်အကောက်ခွန်နှုန်းထက် ပိုမိုမြင့်မားတဲ့ နှုန်းတစ်ခုခုနဲ့ အဆိုပါ သွင်းကုန်အပေါ်မှာ အခွန်ကောက်ခံ တာဘဲဖြစ်ပါတယ်။ 

( ဂ ) ဘေးဆီးရန်ကာဆောင်ရွက်ခြင်း (Safeguard) ။   နိုင်ငံတစ်ခုအတွင်းကို ပြည်ပ က တင်သွင်းလာတဲ့ သွင်းကုန်ပစ္စည်းတွေက ရုတ်တရက် အဆမတန် များပြား (Import Surge) လာတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပြင်းထန်စွာ ထိခိုက်နာကျင်မှု (Serious Injury) ဖြစ်စေခဲ့ရင်၊ ဒါမှမဟုတ် ပြင်းထန်စွာ ထိခိုက်ဘို့ ခြိမ်းခြောက်မှုတွေ (Threat) ရှိလာခဲ့ရင် ပစ္စည်း တင်သွင်း တဲ့ နိုင်ငံက မိမိနိုင်ငံအတွင်းက ကုန်ထုတ်လုပ်ငန်းတွေအတွက် ဘေးဆီးရန်ကာ ဆောင်ရွက်မှုတွေ လုပ်ခွင့်ရှိပါတယ်။ တနည်းအားဖြင့်တော့ သွင်းလာတဲ့ ကုန်ပစ္စည်းအပေါ်မှာ အကောက်ခွန်နှုန်း မြှင့်တင်ကောက်ခံလိုက်တာ၊ တင်သွင်း ခွင့်ပြုမယ့် အရေအတွက် ကန့်သတ်တာ စသည်တို့ ဖြစ်ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားက တင်ပို့လိုက်တဲ့ လုံးရှည်ဆန် (Indica Rice) တွေကို အီးယူက အကောက်ခွန်နှုန်း မြှင့်တင်ကောက်ခံလိုက်တာ Safeguard ကို ကျင့်သုံးလိုက်တာဘဲ ဖြစ်ပါတယ်။  ဒီနေရာမှာ အရေးကြီးတဲ့ အချက်က ကုန်ပစ္စည်း တင်ပို့တဲ့ နိုင်ငံဟာ စုပုံတင်ပို့ခြင်း၊ ထောက်ပံ့မှုပြု ကုန်ပစ္စည်း ထုတ်လုပ်ခြင်း နည်းလမ်းတွေနဲ့ တင်ပို့တာ မဟုတ်ခဲ့ရင် မမျှတတဲ့ ကုန်သွယ်မှု (Unfair Trade) မဟုတ်တာကြောင့် Safeguard ကိုကျင့်သုံးမယ့် နိုင်ငံဟာ တစ်ဖက်က တောင်းဆိုလာရင် မျှတတဲ့လျော်ကြေး ပေးရဘွယ်ရှိပါတယ်။ ဒါ့အပြင် သာမန်အားဖြင့် Safeguard ကျင့်သုံးမှုကို လေးနှစ်ထက် ပိုမိုကျင့်သုံးခွင့် မရှိပါ။ 

ကုန်သွယ်မှုကုထုံးများ ကျင့်သုံးမှု

ကုန်သွယ်မှုကုထုံးတွေ ကျင့်သုံးခြင်းဟာ ဘာသာရပ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု များစွာလိုတဲ့အပြင် စေ့စပ်ညှိနှိုင်းမှုအတွက် နှံ့စပ်နေဘို့လည်း လိုအပ်ပါတယ်။ မိမိ နိုင်ငံအနေနဲ့ စုပုံတင်ပို့မှု (Dumping) ကြောင့်ဖြစ်စေ၊ ထောက်ပံ့မှုပြု ကုန်ပစ္စည်းထုတ်လုပ်ခြင်း (Subsidy) ဖြင့် တင်ပို့လာမှုကြောင့်ဖြစ်စေ၊ ရုတ်တရက် ပို့ကုန်မြင့်မားလာမှုကြောင့် (Import Surge) ဖြစ်စေ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ ထိခိုက်မှုရှိလာရင် စုံစမ်းစစ်ဆေး ဖော်ထုတ်မှု (Investigation) လုပ်ပြီး ခိုင်မာသည့် အခြေအနေကို ဖော်ထုတ်တွေ့ရှိမှသာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကို အသိပေးပြီး ကုန်သွယ်မှုကုထုံးထဲက အကျုံးဝင်တဲ့ နည်းလမ်းတစ်ခုခုကို ကျင့်သုံး ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒီလိုကျင့်သုံးရာမှာ အချို့နိုင်ငံများမှာ ကုန်သွယ်မှုကုထုံးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ ကြေညာချက်တွေ ထုတ်ပြန်လုပ်ဆောင်ကြတာ တွေ့ရပါတယ်။ သို့သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံ ၁၆၄ နိုင်ငံမှာ စုပုံမှုတန်ပြန်ခြင်း (Anti-dumping) နဲ့ ပတ်သက်တဲ့ဥပဒေ/စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်းခြင်း မရှိသေးသည့် နိုင်ငံ ၇၄ ခု၊ ဟန်ချက်ညီ လုပ်ဆောင်မှု (Countervailing) နဲ့ ပတ်သက်တဲ့ဥပဒေ/စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း ခြင်း မရှိသေးသည့် နိုင်ငံ ၇၃ ခု၊ ဘေးဆီးရန်ကာဆောင်ရွက်ခြင်း (Safeguard) နဲ့ ပတ်သက်တဲ့ ဥပဒေ/စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်းခြင်း မရှိသေးသည့် နိုင်ငံ ၁၂၀ ခုရှိနေကြောင်းလည်း တွေ့ရပါ တယ်။ နိုင်ငံအများစုအနေနဲ့ ကုန်သွယ်မှုကုထုံးနည်းလမ်းသုံးသွယ်အနက်က မိမိနိုင်ငံနဲ့ သဟဇာတဖြစ်မယ့် နည်းလမ်းကိုဘဲ ဦးစားပေးပြီး ဥပဒေတွေ/စည်းမျဉ်းတွေ ရေးဆွဲကျင့်သုံးကြ တာကိုလည်း တွေ့ရပါတယ်။ 

အာဆီယံနိုင်ငံများထဲမှာ ကုန်သွယ်မှုကုထုံးများနဲ့ပတ်သက်ပြီး ဥပဒေ၊ စည်းမျဉ်းတွေ ရေးဆွဲကျင့်သုံးနေမှုအခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ် - 

Remark

ကုန်သွယ်မှုကုထုံးနည်းလမ်းသုံးခုလုံး ဥပဒေနှင့်စည်းမျဉ်း ရေးဆွဲပြီးနိုင်ငံ။ 

စုပုံမှုတန်ပြန်ခြင်းနှင့် ဟန်ချက်ညီလုပ်ဆောင်မှုဆိုင်ရာ ဥပဒေနှင့်စည်းမျဉ်းရေးဆွဲပြီးနိုင်ငံ။ 

စုပုံမှုတန်ပြန်ခြင်း ဥပဒေတစ်ခုတည်းနှင့်စည်းမျဉ်းများ ရေးဆွဲပြီးနိုင်ငံ။ 

ဟန်ချက်ညီလုပ်ဆောင်မှုဆိုင်ရာ ဥပဒေတစ်ခုတည်းနှင့်စည်းမျဉ်းများ ရေးဆွဲပြီးနိုင်ငံ။ 

ဘေးဆီးရန်ကာဆောင်ရွက်မှုဥပဒေတစ်ခုတည်းနှင့် စည်းမျဉ်းများ ရေးဆွဲပြီးနိုင်ငံ။

ကုန်သွယ်မှုကုထုံးဆိုင်ရာ ဥပဒေမရှိသေးသည့်နိုင်ငံ။

အထက်ပါ ဇယားကို လေ့လာကြည့်ရင် ကုန်သွယ်မှုကုထုံးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဘရူနိုင်းတို့မှာ ဥပဒေနဲ့ စည်းမျဉ်းတွေ လုံးဝမရှိသေးတာ တွေ့ရပြီး လာအိုကတော့ Anti-dumping နဲ့ Safeguard ဥပဒေတွေ ရေးဆွဲနေဆဲဖြစ်ပြီး Countervailing ဥပဒေ မရှိသေး တာတွေ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ Safeguard ဥပဒေရေးဆွဲထားခြင်း မရှိသေးတာလည်း တွေ့ရပါတယ်။  

ကုန်သွယ်မှုကုထုံးတွေ ကျင့်သုံးခြင်းဟာ တခါတရံမှာ အငြင်းပွားဘွယ် ဖြစ်လေ့ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်အထိ ရောက်ရှိလာခဲ့တဲ့ ဖြစ်စဉ် တွေလည်းရှိခဲ့ဘူးပါတယ်။ ၂၀၁၉ ခုနှစ်အထိ ရရှိထားတဲ့ အချက်အလက်များအရ စုပုံမှုတန်ပြန် ခြင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှု ၁၃၁ ခု၊ ဟန်ချက်ညီလုပ်ဆောင်ခြင်းနဲ့ပတ်သက် ပြီး ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှု ၁၂၇ ခု၊ ဘေးဆီးရန်ကာဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့ တဲ့ အငြင်းပွားမှု ၆၁ ခုရှိခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ 

ဥပဒေမူဘောင် 

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်တဲ့ ဥပဒေမူဘောင်တွေ အားကောင်း လာစေဘို့ သက်ဆိုင်သူအသီးသီးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာတွေ့ရှိရပါတယ်။ ဥပဒေမူဘောင် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်တယ်လို့ဆိုရာမှာ ဥပဒေတစ်ခုခုကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းနိုင်တဲ့အဆင့်ထိ ဆောင်ရွက်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ပြဋ္ဌာန်းပြီးတဲ့ဥပဒေကို လက်တွေ့ကျင့်သုံးနိုင်ဘို့ လိုအပ်တဲ့နည်းဥပဒေများ၊ စည်းမျဉ်းများ ပြဋ္ဌာန်း ခြင်း၊ လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ခြင်း၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံး အကောင်အထည်ဖော်မယ့် အစိုးရအဖွဲ့အစည်းက ဥပဒေကို ကောင်းစွာ ကျင့်သုံးနိုင်တဲ့အဆင့်ထိ စွမ်းဆောင်ရည်ရှိခြင်း၊ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အားလုံးက လိုက်နာကျင့်သုံးနိုင်အောင် တနည်းအားဖြင့် ဥပဒေအသက်ဝင်အောင် ထိန်းကျောင်းရမယ့် လုပ်ငန်းစဉ်တွေရှိခြင်း စတာတွေအားလုံးပြည့်စုံမှသာ ဥပဒေမူဘောင်တစ်ခု ထူထောင်ပြီးမြောက် မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဥပဒေအတော်များများကို ပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် အချို့သော ဥပဒေများ အမှန်တကယ် အသက်ဝင်ကျင့်သုံးနိုင်ခြင်း မရှိသေးကြောင်း၊ ဥပဒေကိုကျင့်သုံး အကောင်အထည်ဖော်မယ့် အစိုးရအဖွဲ့အစည်းတွေကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေးဘို့ လိုအပ်နေကြောင်း နိုင်ငံတကာဥပဒေပညာရှင်အချို့က ထောက်ပြထားတာလည်း တွေ့ရှိရ ပါတယ်။ 

တကယ်တော့ ကုန်သွယ်မှုကုထုံးဥပဒေတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟာ စည်းမျဉ်း  တွေအပေါ်မှာ အခြေခံပြီး မိမိနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မမျှတတဲ့ ကုန်သွယ်မှုတွေက အကာအကွယ်ပေးနိုင်ဘို့ ရေးဆွဲပြဋ္ဌာန်းကြတာဖြစ်ပါတယ်။ ၎င်းဥပဒေတွေဟာ ဘာသာရပ်ပိုင်း ဆိုင်ရာကိစ္စရပ်များနဲ့ အထူးပြုဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ထဲထဲဝင်ဝင် ပါရှိနေပြီး နိုင်ငံအများစုမှာ အဆိုပါ ဥပဒေကို တာဝန်ယူ အကောင်အထည်ဖော် ကျင့်သုံးနိုင်ဘို့အတွက် သီးခြားလေ့ကျင့် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း  ထူထောင်ထားရှိကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံအချို့ရဲ့ ကုန်သွယ်မှု ကုထုံးဥပဒေတွေ ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးနိုင်မှုကို ဆန်းစစ်ကြည့်လိုက်ရင် နိုင်ငံအများစုမှာ သုံးနှစ်က ငါးနှစ်အထိ အချိန်ယူခဲ့ကြပြီး အချို့နိုင်ငံတွေ မှာ ခုနစ်နှစ်က တစ်ဆယ်နှစ်အထိ အချိန်ယူခဲ့ကြတယ်လို့လည်း လေ့လာတွေ့ရှိရပါကြောင်း တင်ပြလိုက်ရပါတယ်။ 

အောင်နိုင်ဦး