သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွား ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှစ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှု နှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်။

ထို့နောက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ တို့အကြား လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။     

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။