သတင်းများ

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့်  အားကစားသမားများအား အောင်လံရေးအလံနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးက ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံ၏ ဂုဏ်ထူးဆောင် အားကစား လက်ရွေးစင်များ ပေါ်ထွက်ရေးနှင့် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို နိုင်ငံတော်၏ ရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် အားကစားစိတ်ဓာတ်ခံယူချက် မြင့်မားရန်၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာကြရန်၊ အားကစားသမားများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းယှဉ်ပြိုင်ရန်နှင့် အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိခြင်း  သည် ဝန်ကြီးဌာန၏ ဂုဏ်ကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏အားကစားကဏ္ဍမြှင့်တင်ရာ ရောက်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်များကို အောင်နိုင်ရေးအလံနှင့် ပံ့ပိုးငွေများပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များက လက်ခံရယူကြသည်။

ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ကိုယ်စားပြုအသင်းများမှ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဂေါက်သီးရိုက်စသည့်  အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။