သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနရှိ မော်တော်ယာဉ်ရပ်နားကွင်းတွင် အင်အားအလွန်ပြင်းထန် သော  ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအား အားပေးစကား ပြောကြားပြီး စားသောက်ရေး အဆင်ပြေစေရန်အတွက် စတုတ္ထအကြိမ်မြောက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ကိတ်မုန့်နှင့် သောက်ရေသန့်စသည့် အခြေခံစားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်း (၆) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနရှိ မော်တော်ယာဉ်ရပ်နားဝင်းတွင် ဆောင်ရွက်လျက်ရှိသော ယာယီလူနေခန်းများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် သန့်ရှင်းသောသုံးရေများ လုံ‌လောက်စွာ ရရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျဆောင်ရွက်ပေးရေး၊ လျှပ်စစ်မီး အန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်ရေးနှင့် မိုးမကျမီ ဝန်ထမ်းများ အမိုးအကာအောက်ရောက်ရှိစေရေး၊ လုပ်ငန်းများအမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများက အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ကြရန် စိစစ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။