သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ မော်တော်ယာဉ်ရပ်နားကွင်းရှိ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ရင်းနှီးစွာတွေ့ဆုံ၍  အားပေးစကားပြောကြားခြင်းနှင့် အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊  ဝန်ထမ်းများအနေဖြင့် ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့်  ပုံမှန်ထက် နှစ်ဆနီးပါး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဌာန၏ နှစ်စဉ်စီမံကိန်းအရ လုပ်ငန်းတာဝန်များကို စနစ်တကျနှင့် အမှားအယွင်းအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ဝန်ထမ်းများစနစ်တကျနေထိုင်ရေးအတွက် လိုအပ်သည်များကိုအတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးထားပါကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဝန်ကြီးဌာန သက်သာစားသောက်ဆိုင်ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ယာယီလူနေ အိမ်ရာများတွင် သန့်ရှင်းသပ်ရပ် စွာနှင့် စည်းကမ်းတကျနေထိုင်ကြစေလိုကြောင်း မှာကြားခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုများအား နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် အဋ္ဌမအကြိမ်မြောက် ဆန်၊ ဆီ၊ ခြင်ထောင်၊ စောင်၊  မီးဖိုချောင်သုံးပစ္စည်းများ (Kitchen Sets) နှင့် လူသုံး ကုန်ပစ္စည်းများအပါအဝင် စုစုပေါင်းပစ္စည်း (၉)မျိုးကို ပေးအပ်ခဲ့ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် ဝန်ထမ်းများ နေထိုင်နေမှုအခြေအနေများ၊ ဝန်ထမ်းများအတွက် ဆောင်ရွက်ထားရှိသည့် အများသုံး မီးဖိုဆောင် (Community Kitchen) များ၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများ နှင့် သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။