၂၀၂၅ ခုနှစ် ၊ မေလ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ပထမအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (Inaugural Meeting of ASEAN Geoeconomics Task Force) သို့ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေး အခြေအနေများ ၊ လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမှုအခြေအနေများနှင့် ကမ္ဘာ့ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမှုများ အပေါ်တွင် အာဆီယံဒေသတွင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။
ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ပထဝီစီးပွားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပြောင်းအလဲများကြောင့် အာဆီယံနိုင်ငံများအကြားတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများနှင့် ထိခိုက်နိုင်မှုများ၊ ဒေသတွင်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် နယ်ပယ်နှင့် လုပ်ငန်းများ၊ အာဆီယံနိုင်ငံများ၌ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုအပြောင်းအလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့် အကျိုးကျေးဇူး များ၊ ထိခိုက်နိုင်မှုများကို သုံးသပ်နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည်တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် ၁ ဦးစီ နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းမှ အကြီးတန်း စီးပွားရေးပညာရှင် ၁ ဦး စီ တို့ဖြင့် ဖွဲ့စည်းထားပါသည်။