၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် စီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အထူးအစည်း အဝေးတို့သို့ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာန၊ တရုတ် နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ နယူးဇီလန်နိုင်ငံ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဝန်ကြီးများက ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးများတွင် လက်ရှိကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများနှင့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပေါင်းစည်းမှုတို့အပေါ် အကျိုးသက်ရောက်မှုများ နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံရေး၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများကို ကမ္ဘာ့နိုင်ငံများအကြား ဖြေရှင်းရေးတို့အပါအဝင် အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းစေနိုင်သည့် အစီအစဉ်များအပေါ် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ပွင့်လင်းမြင်သာပြီး လွတ်လပ်၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထပ်မံ အတည်ပြုကြသည်။ ထို့ပြင် နိုင်ငံများအကြား ဖြစ်ပေါ်လာသည့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကို နှစ်ဖက် ဘက်ညီမျှတမှု၊ အပြန်အလှန် နားလည်မှုနှင့် အကျိုးစီးပွားဖြစ်ထွန်းနိုင်မှုများကို အခြေခံ၍ ညှိနှိုင်းဖြေရှင်းရန် ထပ်မံအတည်ပြုခဲ့သည်။
ဒုတိယဝန်ကြီးက အစည်းအဝေးများတွင် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေများကြောင့် ဒေသတွင်းထောက်ပံ့မှုကွင်းဆက်တွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများအနေဖြင့် စည်းမျဉ်း အခြေခံသော ကုန်သွယ်ရေးစနစ်ကို ပိုမိုအားကောင်းအောင် ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှု၊ ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်နိုင်ပြီး စီးပွားရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးအကျုံးဝင်စေမည် ဖြစ်ကြောင်း၊ ယနေ့ခေတ် ကုန်သွယ်မှုစိန်ခေါ်မှုများကို ဖြေရှင်း၍ အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ မျှတသည့် ကမ္ဘာ့ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စည်းမျဉ်းအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ် ကို ထောက်ခံကြောင်း ၊ အခြားသော အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရန် ထပ်လောင်း အတည်ပြုပါကြောင်း၊ အနာဂတ်တွင် ဒေသတွင်း စီးပွားရေး ကြံ့ကြံ့ခံ နိုင်စေရေး အတွက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ် ၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀) ၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်နှင့် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု စသည့် သဘောတူစာချုပ်များအောက်မှ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြောင်းတို့ကို အလေးပေးပြောကြားသည်။
ထို့နောက် အစည်းအဝေးများတွင် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အထူး အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် စီးပွားရေးဝန်ကြီးများ အထူး အစည်း အဝေးနှင့် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတို့၏ ပူးတွဲကြေညာ ချက်တို့ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။