သတင်းများ

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ၊ တာဂွစ်မြို့တွင် ၂၀၂၆ ခုနှစ် ၊ မတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများသီးသန့်အစည်းအဝေး (Thirty-Second ASEAN Economic Ministers’ Retreat - 32nd AEM Retreat) နှင့်ဆက်စပ်အစီအစဉ်များသို့ မြန်မာ နိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့သည်။ (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို အပိုင်း ၂ ပိုင်း ဖြင့် ကျင်းပခဲ့ပြီး ပထမပိုင်းတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council - ASEAN-BAC)က ၂၀၂၆ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်စီမံကိန်းများ နှင့်လုပ်ငန်းစဉ်များတင်ပြခြင်း၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia – ERIA) က အာဆီယံ၏ စီးပွားရေးခံနိုင်ရည်ရှိမှု ကို မြှင့်တင်ပေးမည့် စက်မှုဆိုင်ရာမူဝါဒမူဘောင်ရေးဆွဲပေးမည့်ကိစ္စအား အဆိုပြုတင်ပြခြင်း၊ အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) တို့အကြား မိတ်ဖက် ဆက်ဆံရေးတိုးမြှင့်ရန် အဆိုပြုအစီအစဉ်များအပေါ် စီးပွားရေးဝန်ကြီးများက ပုဂ္ဂလိကအခန်း ကဏ္ဍ ခိုင်မာအားကောင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့် စပ်လျဉ်းသည့် အကြံပြုချက်များပေးခဲ့ပြီး တင်ပြချက်များအား အစည်းအဝေးက မှတ်တမ်းတင်ခဲ့ သည်။ အစည်းအဝေး ဒုတိယပိုင်းတွင် စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များ၊ အာဆီယံအဆင့်မြင့်အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် ဆက် လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomic Task Force - AGTF) နှင့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (High-Level Task Force on ASEAN Economic Integration - HLTF-EI) တို့မှတင်ပြသည့် အကြံပြု ချက်များ၊ ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ ကနဦးလုပ်ငန်းစဉ်များနှင့် အာဆီယံ စီးပွား ရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ သည်။ ထို့နောက် စီးပွားရေးဝန်ကြီးများက ၂၀၂၆ ခုနှစ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကဆောင်ရွက်မည့် ဦးစားပေးစီးပွားရေးလုပ်ငန်းစဉ်များအနက် အာဆီယံစီးပွားရေး ဝန်ကြီးများ ကြီးကြပ်မှုအောက်ရှိ သဘောတရားစာတမ်း (Concept Paper) များကို အတည်ပြုခဲ့ သည်။ ထို့အပြင် စီးပွာရေးဝန်ကြီးများက အာဆီယံဒီဂျစ်တယ် စီးပွားရေးမူဘောင်သဘောတူ စာချုပ် (ASEAN Digital Economy Framework Agreement - DEFA) ကို ၂၀၂၆ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်လမ်းညွှန်ချက်များပေးခဲ့ပြီး အာဆီယံ ပြင်ပ မိတ်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ကိုရီးယား၊ အိန္ဒိယတို့နှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေများ၊ အီးယူ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံများ၊ ပစိဖိတ်ဖြတ်ကျော် မိတ်ဘက် ဆက်ဆံမှုဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လက်ရှိကာလတွင် ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေးဆိုင်ရာ မသေချာမှုများ မြင့်တက်နေသည့်အတွက် စီးပွားရေးလုံခြုံမှုသည် အရေးကြီး ကြောင်း၊ ဒေသတွင်းတန်ဖိုးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရေး၊ စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရေးအတွက် စီးပွားရေးလုံခြုံမှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ် မှုဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်‌ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် စွမ်းအင်နှင့်သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြတ်တောက်မှု၊ စားရေရိက္ခာလုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေး အပေါ် ရိုက်ခတ်လျက်ရှိသည့် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံမှ နောက်ကျကျန်ရစ်နေမှုမရှိ စေဘဲ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုအားကောင်းစေရေးကို တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းခိုင်မာ စေရန်လည်း လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables- PEDs) အချိန်မီအကောင်အထည်ဖော်ပြီးစီးရေးအတွက် အခြားအာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှု ဒေသများ ညှိနှိုင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက် ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မကြာမီက ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို တုံ့ပြန်ရန် အာဆီယံစီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းခိုင်မာစေရေးဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်နေစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ အစိမ်းရောင်စီးပွားရေးကူးပြောင်းမှုနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ဖွံ့ဖြိုးရေးဘဏ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ အကြား ပူးတွဲအစီရင်ခံစာထုတ်ပြန်သည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မနီလာမြို့ရှိ ဖိလစ်ပိုင် နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းများ ထုတ်ကုန်များကို ခင်းကျင်း ပြသသည့် Likhang Filipino ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား စီးပွားဆက်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲ သို့ တက်ရောက်ခဲ့သည်။ (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်သူ H.E Ma Christina A. Roque က အစည်း အဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးဝန်ကြီးများ နှင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။