သတင်းများ

နေပြည်တော်၊ အောက်တိုဘာလ ၁ ရက်

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးကို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီအပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂ ဉီးခန့် ပါဝင်တက်ရောက်ခဲ့သည်။  

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ရေး၊ ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ လုပ်ငန်း ဆပ်ကော်မတီများ၏ ဘဏ္ဍာငွေလျာထားမှုနှင့် သုံးစွဲမှုများတွင် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင် ရွက်ရေးနှင့် နှစ်စဉ်လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ၏ ဘဏ္ဍာငွေလိုအပ်ချက်ကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ ရှာဖွေရေးကိစ္စများအား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပြည်ထောင်စုရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီဝင်များနှင့် တိုင်းဒေသကြီး / ပြည်နယ်အလိုက် ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းဆပ်ကော်မတီဝင်များက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွက် ဘဏ္ဍာငွေလျာထားခွင့်ပြုမှုများ၊ အခြားသော ရန်ပုံငွေရင်းမြစ်များ ရရှိနိုင်ရေးကိစ္စများနှင့် လုပ်ငန်း ကော်မတီမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများမှ လုပ်ငန်း ကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်းများ တက်ရောက်ကြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်း ကော်မတီဝင်များ၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကိုယ်စားလှယ်များက Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည်။