ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်ပအကူအညီ၊ အထောက်အပံ့၊ နည်းပညာတို့ဖြင့် ဆောင်ရွက်ဆဲ၊ ညှိနှိုင်းဆဲနှင့် အဆိုပြုလုပ်ငန်း စီမံချက်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၁၁ ၀၀ နာရီတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးက ပြည်ပအကူအညီ၊ အထောက်အပံ့၊ နည်းပညာအကူအညီ တို့ဖြင့် ဆောင်ရွက်ဆဲ၊ ညှိနှိုင်းဆဲနှင့် အဆိုပြုလုပ်ငန်း စီမံချက်များ ဆောင်ရွက်နေမှုအခြေအနေများ ပြည်ပအကူအညီ အထောက်အပံ့ စီမံချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ဆဲ စီမံချက်များ အကျိုးရှိ ထိရောက်စွာ အချိန်မီပြီးစီးနိုင်ရေးအတွက် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ် သည့် ဖြေရှင်းမှုများ အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေး သည် မိမိတို့နိုင်ငံ၏ လက်ရှိ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ပြည်ပ အကူအညီများကို အထိရောက်ဆုံး ချိတ်ဆက် အသုံးချရန် ညှိနှိုင်းဆွေးနွေးလိုခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ အမြဲတမ်း
အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ
စုစုပေါင်း ၁၂၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး ပြည်ပ
အကူအညီ၊ အထောက်အပံ့၊ နည်းပညာ အကူအညီတို့ဖြင့်
ဆောင်ရွက်ဆဲ၊ ညှိနှိုင်းဆဲနှင့် အဆိုပြု လုပ်ငန်းစီမံချက်များ၏ ဆောင်ရွက်နေမှု
အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်
များကို ပေါင်းစပ်ညှိနှိုင်းပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။