၀န်ကြီးဌာနသတင်းများ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စောနန်းနွယ်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ရုံးခွဲရှိ မော်ကွန်းပြခန်း၌ ပြသထားသည့်ပြကွက်များ၊ မော်ကွန်းသိမ်းဆည်းခန်း၊ ရည်ညွှန်းစာဖတ်ခန်း၊ Digitization ဆောင်ရွက်သည့်အခန်း၊ မှတ်တမ်းမော်ကွန်း သိမ်းဆည်းခန်းများ၊ မိုက်ခရိုဖလင်ရိုက်ကူးရေးခန်းနှင့် Non-Paper သိမ်းဆည်းခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ မော်ကွန်းမှတ်တမ်းများသည် နိုင်ငံအတွက် အဖိုးထိုက်တန်၍ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်း အထောက်အထားများဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။