သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ဆီရမ်ရိမြို့၌ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (/၅၃)ကြိမ် မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊ အာဆီယံ အဆင့်မြင့်စီးပွားရေး အရာရှိ ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Rath Saravuth က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန် ရှိသူများပါဝင်တက်ရောက်ခဲ့သည်။

          အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြီးစီးမှုအခြေအနေ၊ စီးပွားရေးအရာရှိများက အာဆီယံအဆင့် မြင့်စီးပွားရေးအရာရှိများထံ တင်ပြသည့်အစီရင်ခံစာ၊ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘော တူစာချုပ် အဆင့်မြှင့်တင်ရေး အတွက်ညှိနှိုင်းမှုများ၏တိုးတက်မှုအခြေအနေ၊ အာဆီယံ ကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်အောက်ရှိ အကောက်ခွန်လျှော့ချမှုဇယားနှင့် သီးသန့် စည်းမျဉ်း ကျင့်သုံးသည့် ကုန်စည်များကို အကောက်ခွန်စည်းဝါးညီစနစ် ၂၀၂၂ သို့ ချိတ်ဆက်ကူးပြောင်းမှု အခြေအနေ၊ ဘန်ဒါဆရီဘီဂါဝမ် လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့အပေါ် မှတ်တမ်းတင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။ အစည်းအဝေး တွင် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူစာချုပ် (AFAC) ညှိနှိုင်းမှုများအတွက် လမ်းညွှန်ချက်ကို အတည်ပြုခဲ့ပါသည်။

          အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးတို့အတွက် ဟနွိုင်း ရှေ့လုပ် ငန်းစဉ်အောက်ရှိ အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှု များ ဖယ်ရှားရေးဆိုင်ရာနားလည်မှုစာချွန်လွှာတွင် ကုန်စည်များ တတိယအသုတ် ထပ်မံ ထည့် သွင်းရေး၊ လူပုဂ္ဂိုလ်များရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်၊ အာဆီယံ စီးပွားရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် အဆိုပါ သဘောတူ စာချုပ်များအသက်ဝင်မှုနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များ၊ အာဆီယံသို့ တီမောလက်စ်တေနိုင်ငံ ဝင်ရောက်ရန် စီးပွားရေးအသိုက်အဝန်း၏ လေ့လာတွေ့ရှိချက်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု ဒေသ ပူးတွဲကော်မတီအစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေး များအတွက်လည်း အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက်ကြိုတင်ပြင်ဆင်မှုများ၊၂၀၂၃ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့်အချိန်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ အစည်းအဝေးများ၊ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးချုပ်ရုံးတည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိများပါဝင်တက်ရောက်ခဲ့သည်။