သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

မြန်မာနိုင်ငံ၏ အာဆီံယံ လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်း သည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Gan Kim Yong က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ မေလ၌ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေး နွေးရန်ကျန်ရှိသည့် အစားအစာနှင့်စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များအပေါ် ပို့ကုန်ကန့်သတ် ချက်များနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ၊ ပြန်လည်ထုတ်လုပ်ထားသော ကုန်စည်များနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ အကောက်ခွန်များ ထပ်မံဖြေလျှော့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စာချုပ်အာဏာသက်ဝင်ခြင်းဆိုင်ရာ နည်းလမ်းများအပေါ် လမ်းညွှန်မှုပေးခဲ့သည်။ ထို့ပြင် ဝန်ကြီးများက ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ဒုတိယအခြေပြစာချုပ်ချုပ်ဆိုရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ အပေါ်ဆွေးနွေးညှိနှိုင်းခဲ့သည်။

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများကို ၂၀၂၅ ခုနှစ်၊ မေလတွင် အပြီးသတ်ရန်နှင့် အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အခြေပြစာချုပ်ကို ၂၀၂၅ ခုနှစ်အတွင်း  လက်မှတ်‌ ရေးထိုးရန် အာဆီယံနိုင်ငံများက ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။