၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဒီဇင်ဘာလ ၁ ရက်
ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)နိုင်ငံတို့အတွက် ဆောင်ရွက် မည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် (Framework for CLMV Development) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နှင့်စပ်လျဉ်းသည့်  မြန်မာနိုင်ငံအတွက် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲ (National Consultations) ကို မဲခေါင်သိပ္ပံက ဦးဆောင်၍  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့၊  (၁၂း၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးညှိနှိုင်းပွဲတွင် မဲခေါင်သိပ္ပံ၏ Executive Director ၊ Mr. Suriyan Vichitlekam က အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊   မြန်မာနိုင်ငံ၏  စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာ ဝါဝါမောင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ယင်းဆွေးနွေးညှိနှိုင်းပွဲသို့ ဘာသာရပ် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍ၊ အဖွဲ့အစည်းများမှ Focal Person များက မိမိတို့၏ ရုံး၊ ဌာနအသီးသီးမှ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲ၌ မဲခေါင်သိပ္ပံမှ Mr. Suriyan Vichitlekarn ဦးဆောင်သော တာဝန်ရှိသူများက စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး စီမံချက်အကျဉ်းချုပ်၊ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်တွင်ပါဝင်သည့် အဓိက ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်များဖြစ်သည့် ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်အစားအသောက်၊ လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိစေရေး စသည့် ကဏ္ဍများအပေါ် အခြေခံ၍ သီးသန့်ဆွေးနွေးပွဲ (Breakout Sessions) (၄) ခုကို တစ်ပြိုင် တည်းပြုလုပ်ခဲ့ရာ ဘာသာရပ်ဆိုင်ရာဌာနများမှ Focal Person များက သက်ဆိုင်ရာကဏ္ဍ အလိုက် ပါဝင်ဆွေးနွေးကြသည်။
မဲခေါင်သိပ္ပံကဦးဆောင်၍ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည် ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့ အတွက် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲကို နိုင်ငံအလိုက် ကျင်းပခဲ့ပြီးဖြစ်ကာ ဗီယက်နမ်နိုင်ငံ အတွက်အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အမျိုးသားအဆင့် ဆွေးနွေး ညှိနှိုင်းပွဲ၏ ရလဒ်များအပေါ်အခြေခံပြီး လုပ်ငန်းအစီအစဉ် (ပထမမူကြမ်း) ကို ရေးဆွဲမည်ဖြစ်ပါသည်။ ထို့နောက် Regional Workshop ကျင်းပ၍ လုပ်ငန်းအစီအစဉ် (ဒုတိယ မူကြမ်း) အားပြုစုပြီး စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိများက အပြီးသတ် ဆွေးနွေး မည်ဖြစ်သည်။ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်း အစီအစဉ်အား ၂၀၂၁ ခုနှစ်အတွင်း အပြီးသတ်ရေးဆွဲ၍ စီအယ်လ်အမ်ဗွီစီးပွားရေး ဝန်ကြီးများက အတည်ပြုမည် ဖြစ်သည်။
စီအယ်လ် အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်သည် ၂၀၃၀ ခုနှစ်တွင် အလတ်အလယ် အဆင့် ဝင်ငွေရရှိစေရန် ဆောင်ရွက်မည့် အစီအစဉ် တစ်ခုဖြစ်ပြီး အဆိုပါမူဘောင်ကို အကောင်အထည် ဖော်မည့် လုပ်ငန်းအစီအစဉ်ကို မြန်မာနိုင်ငံက စီအယ်လ်အမ်ဗွီ    စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘာပတိအဖြစ်တာဝန်ယူလျက်ရှိသည့် ၂၀၂၁ ခုနှစ်အတွင်း စတင်ညှိနှိုင်းခဲ့သည်။