၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဒီဇင်ဘာလ ၇
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာစီမံကိန်းများ၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး နှင့်သက်ဆိုင်သည့် စီမံကိန်း များ၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ရာတွင် နှစ်နိုင်ငံအကြားသဘောတူညီထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များနှင့် စာလွှာများ နှင့်အညီ ဆက်လက်အကောင်အထည်ဖော်ရေး နှင့်စပ်လျဉ်း၍လည်းကောင်း၊ တွေ့ကြုံရသောအခက်အခဲများ၊ နှစ်နိုင်ငံညှိနှိုင်းပေးရမည့်ကိစ္စရပ်နှင့် မူဝါဒခံယူပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးရန်မှာကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က စီမံကိန်းများပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ သည်။
အစည်းအဝေးသို့ တက်ရောက်လာသော အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာစီမံကိန်းများအလိုက် အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်အကြုံပြု ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့မှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။