၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဒီဇင်ဘာလ ၂၀ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကြားဖြတ်ပူးတွဲ ကော်မတီ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဝါဝါမောင်သည် ယနေ့နံနက် ၀၈:၃၀ နာရီမှ စတင်၍ Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကြားဖြတ်ပူးတွဲ ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် သဘာပတိများအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Mrs. Dina Kurniasari နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိ Mr. Keawe Woodmoore တို့က ဆောင်ရွက် ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့မှ RCEP ကြားဖြတ်ပူးတွဲကော်မတီ ခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် RCEP သဘောတူစာချုပ် အသက်ဝင်ရေးကိစ္စ၊ သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် ပြင်ဆင်မှုများဖြစ်သည့် အကောက်ခွန်လျှော့ချမှုအစီအစဉ် ဇယား ချိတ်ဆက်ကူးပြောင်းမှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ၊ RCEP ပူးတွဲ ကော်မတီ၏ လုပ်ထုံးလုပ်နည်းများ၊ RCEP တွင် အိန္ဒိယနိုင်ငံပါဝင်ရန်အတွက် ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်း များနှင့် RCEP အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရန် ကိစ္စရပ်တို့ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ် အသက်ဝင်ရေး အတွက် Instrument of Ratification ပေးပို့ခဲ့မှုအခြေအနေနှင့် သဘောတူစာချုပ် အကောင် အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် အကောက်ခွန် လျှော့ချမှုအစီအစဉ် ချိတ်ဆက်ကူးပြောင်းမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။