၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဇန်နဝါရီလ ၂၄ ရက်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ သတ်မှတ်ချက်နှင့် ကိုက်ညီသော လုပ်ငန်းများအား ချေးငွေထုတ်ပေးခဲ့သည့် အခြေအနေ၊  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍများအား ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် လုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှုနှင့် ချေးငွေများ အမြန်ဆုံးထုတ်ပေးနိုင်ရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီကဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။