၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်
ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)နိုင်ငံတို့အတွက် ဆောင်ရွက် မည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် (Framework for CLMV Development) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နှင့်စပ်လျဉ်းသည့်  မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲ (2nd National Consultations) ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မဲခေါင်သိပ္ပံတို့က ဦးဆောင်၍  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊  (၁၃:၀၀) နာရီမှ (၁၆:၃၀) နာရီထိ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးညှိနှိုင်းပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ၏စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေးအရာရှိဒေါက်တာ ဝါဝါမောင် နှင့် မဲခေါင်သိပ္ပံမှ Ms. Maria Theresa S. Medialdia  တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊  ဘာသာရပ်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က မိမိတို့၏ ရုံး၊ ဌာနအသီးသီးမှ ပါဝင်တက်ရောက်ခဲ့သည်။
စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်သည် ၂၀၃၀ ခုနှစ်တွင် ရေရှည်တည်တံ့သည့် အလတ်အလယ်အထက်အဆင့်ဝင်ငွေရရှိစေရန် ဆောင်ရွက်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါ ရည်မှန်းချက်အောင်မြင်စေရန် စီအယ်လ်အမ်ဗွီ ဒေသခွဲကို Advanced Global Business ဖြစ် စေရေးဆောင်ရွက်သွားကြမည်ဖြစ်သည်။ Advanced Global Business Hub ဖြစ်ပေါ်စေရန် ပေါင်းစပ်ဆက်သွယ်မှု၊ အထောက်အပံ့ပေးနိုင်မည့်အစီအမံများ (Enablers) နှင့် နှိုင်းယှဉ်အကျိုး ကျေးဇူးရှိသောကဏ္ဍများဟူ၍ အဓိကပူးပေါင်းဆောင်ရွက်မည့် နယ်ပယ် (၃) ရပ် သတ်မှတ် ထားပါသည်။ မူဘောင်ကို အကောင်အထည်‌ဖော်ရာတွင် Phase 1 (၂၀၂၂ ခုနှစ်- ၂၀၂၅ ခုနှစ်ထိ) Phase 2 (၂၀၂၆ခုနှစ်-၂၀၃၀ ပြည့်နှစ်အထိ) Phase (၂) ခုဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲ၌ မဲခေါင်သိပ္ပံမှ ကျွမ်းကျင်သူများက စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုး တိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲရေး စီမံချက်၏ တိုးတက်မှု အခြေအနေများ၊ ပထမအကြိမ် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲ၏ ရလဒ်များနှင့် ပြင်ဆင်ရေးဆွဲထားသောမူဘောင်ကို အကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ်(Draft 0.1)ကို ရှင်းလင်း တင်ပြခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသူများက ယင်းလုပ်ငန်းအစီအစဉ် (Draft 0.1) အပေါ် အကြံပြုချက်များ၊ ထပ်မံ ပြင်ဆင်/ဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်တွင် ပါဝင်သည့် အဓိကပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်များဖြစ်သည့် ပို့ဆောင်ရေးနှင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အထောက်အပံ့ ပေးနိုင်မည့်အစီအမံများ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်အစားအသောက် စသည့်ကဏ္ဍများအပေါ် အခြေခံ၍ သီးသန့်ဆွေးနွေးပွဲ (Breakout Sessions) (၄) ခုကို တစ်ပြိုင်တည်း ပြုလုပ် ခဲ့ရာ တက်ရောက်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ Breakout Sessions များ၏ ဆွေးနွေးမှုအနှစ်ချုပ်များကို မဲခေါင်သိပ္ပံမှ ကျွမ်းကျင်သူများက ဆွေးနွေးပွဲသို့ ပြန်လည်တင်ပြခဲ့ကြသည်။
ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ဒုတိယအကြိမ် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲများ၏ ရလဒ်များအပေါ်အခြေခံပြီး လုပ်ငန်း အစီအစဉ် ကို ဆက်လက်ရေးဆွဲမည်ဖြစ်ပါသည်။ ထို့နောက် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေသခွဲအဆင့် ဆွေးနွေးညှိနှိုင်းပွဲ(Regional and Stakeholder Consultation) ကျင်းပ၍ လုပ်ငန်း အစီအစဉ်အား ဆက်လက်ရေးသားပြုစုပြီး စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေး အရာရှိ များကအပြီးသတ်ဆွေးနွေးမည်ဖြစ်သည်။ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည် ဖော်မည့် လုပ်ငန်းအစီအစဉ်အား ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် မျှော်မှန်းထားပါသည်။