၀န်ကြီးဌာနသတင်းများ

         ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုန်မြို့တော်၊ ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သော ကုန်သွယ်ရေးဇုန် ကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက် နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သောကုန်သွယ်မှုဇုန် (Haikon Integrated Free Trade Zone) သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။

           မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံ၊ ကူမင်းမြို့မှတစ်ဆင့် ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုန်မြို့သို့ ဒေသစံတော်ချိန် ၂၃:၅၀ နာရီတွင် ရောက်ရှိခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ဟိုင်ခုန်မြူနီစီပယ် ကော်မတီ၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ဒုတိယမြို့တော်ဝန်နှင့် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန် လုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ Mr. Lu Min နှင့် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်တို့မှ ကိုယ်စားလှယ်များက ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန် ဘက်စုံပေါင်းစည်းမှုဇုန်သို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်လေ့လာခဲ့ပြီး ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ အလုပ်အမှုဆောင်အတွင်းရေးမှူးနှင့်  ဒုတိယမြို့တော်ဝန်ဖြစ်သူ Mr. Lu Min နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု ဇုန်အတွင်းရှိ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးစက်မှုဥယျာဉ်၊ ခေတ်မီစိုက်ပျိုးရေးနှင့် စားသောက်ကုန်များထုတ်လုပ်သည့်စက်ရုံ၊ လက်ဝတ်ရတနာထုတ်လုပ်သည့်စက်ရုံ၊ စံချိန်စံညွှန်းမီ စိန်နှင့် ကျောက်မျက်ရတနာ ထုတ်လုပ်သည့် စက်ရုံများထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုစင်တာတို့ကို လေ့လာကြည့်ရှုခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်ကော်မတီနှင့် တွေ့ဆုံကာ ကျောက်မျက် ရတနာလုပ်ငန်းများ အဆင့်မြင့်/ ဆင့်တက်ပြုပြင်မှုနှင့် နည်းပညာ တိုးမြှင့်စေရန်အတွက် လည်းကောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် အခွန်လွတ်အရောင်းပြခန်းများ (China Duty Free Shop)၊ ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာနှင့် ဟိုင်နန်ပြတိုက်များသို့ လေ့လာခဲ့ပါ သည်။

           ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုင်နန်ပြည်နယ်ပါတီ၏ အမြဲတမ်းကော်မတီဝင်နှင့် ဟိုင်နန်မြို့ဒေသကော်မတီ အတွင်းရေးမှူး ဖြစ်သူ Mr. FAN Shaojun နှင့် Grand Hotel Haikou ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတိုးတက် ကောင်းမွန်လာမှု အခြေ အနေများ၊ ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (Hainan Free Trade Port) ဆိုင်ရာ ကိစ္စ ရပ်များ၊ ကျောက်မျက်ရတနာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများဖြင့် ပေါင်းစပ် ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

           မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Grand Hotel Haikou ကျင်းပသည့် ဟိုင်ခုန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေး အစည်းအဝေးသို့ တက် ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များ၏ အခြေအနေများ၊ ဟိုင်နန် နှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံရှိ ကျောက်စိမ်းနှင့် ကျောက်မျက် ကဏ္ဍ အခွင့်အလမ်းများနှင့် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများကို အလေးပေးဆွေးနွေးပြောကြားခဲ့သည်။

           အစည်းအဝေးပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ၃-၆-၂၀၂၅ ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။

           ယခုခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။