၂၀၂၅ ခုနှစ် ၊ ဇွန်လ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယ အကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (2nd Meeting of ASEAN Geoeconomics Task Force) သို့ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံစီးပွားရေးဝန်ကြီးများ အစည်းအဝေးများ၏ ရလဒ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများအပေါ် အာဆီယံအနေဖြင့် မူဝါဒဆိုင်ရာ တုံ့ပြန်မည့် အာဆီယံပေါင်းစည်းမှု အစီရင်ခံစာရေးဆွဲရေးနှင့် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။
ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေးအခြေအနေကို အာဆီယံ၏ ခိုင်မာ၍အားလုံးပါဝင်သည့် စီးပွားရေးပေါင်းစည်းမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း၊ အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ် ချဲ့ထွင်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ အသစ်ဆောင်ရွက်မည့် လုပ်ငန်းများကို အာဆီယံ၏ ဦးစားပေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အေအီးစီ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၀ ကို အတည်ပြုပြီးဖြစ်၍ ရေရှည်ဆောင်ရွက်မည့် လုပ်ငန်းများကို မဟာဗျူဟာအစီအစဉ်နှင့်ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာ (ASEAN Integration Report-AIR) ရေးဆွဲအကောင်အထည် ဖော်ရာတွင်လည်း အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုအပြောင်းအလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့် အကျိုး ကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ်နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒ ဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည်တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်း အဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် ၁ ဦးစီ နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းမှ အကြီးတန်း စီးပွားရေးပညာရှင် ၁ ဦး စီ တို့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိပါသည်။