၀န်ကြီးဌာနသတင်းများ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ ကျောင်းနေ သားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ အဆင့်မြင့်အရာရှိကြီးများ ၊ အရာထမ်း၊ အမှုထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မိမိတို့ဝန်ကြီးဌာနမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်း တို့တွင် ပညာသင်ကြားမည့်  ကျောင်းသား၊  ကျောင်းသူ စုစုပေါင်း ၂၂၅ ဦးအား ပညာသင်ထောက်ပံ့ကြေး နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊  ယနေ့လူငယ်များသည် နောင်အနာဂတ် အသီးအပွင့်များဖြစ်ကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေကြောင်း၊  အထူးသဖြင့် နိုင်ငံ၏ အနာဂတ်သည် ပညာရေးခိုင်မာမှုနှင့် ပညာရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှု အပေါ်တွင်မူတည်နေ ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ပညာသင်ကြားရေးအဆောက်အအုံနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ရင်းနှီး မြှုပ်နှံပေးထားခြင်းဖြစ်ကြောင်း၊ အရွယ်ရောက်သူတိုင်း ကျောင်းနေ၍ ပညာသင်ကြားရမည် ဖြစ်ကြောင်း၊ ဌာနရှိ ဝန်ထမ်းမိဘများအနေဖြင့်လည်း ကျောင်းနေအရွယ် သားသမီးများကို အချိန်မီ ကျောင်းအပ်နိုင်ရေးနှင့် ကျောင်းနေမြဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိဘများ၏ တာဝန်သည် မိမိတို့၏ အနာဂတ်မျိုးဆက်များကို ပညာတတ်သော၊ ပညာပြည့်ဝ သော လူကောင်း လူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်နှင့်  နိုင်ငံတော်အတွက် အကျိုးပြုသည့် စိတ်ရော ကိုယ်ပါကြံ့ခိုင်ကောင်းမွန်သော လူကောင်းလူတော်နိုင်ငံ့သားကောင်း များကို စနစ်တကျပြုစု မွေးထုတ်ပေးရန် မှာကြားလိုကြောင်း၊   ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကြိုးကြိုးစားစားနှင့် ပညာရေးကို ထူးထူး ချွန်ချွန် ဖြစ်အောင် သင်ကြားပြီး ထူးချွန် ထက်မြက်သူများဖြစ်အောင်ကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသော ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ပညာရေးကို အစွမ်းကုန် အလေးပေးကူညီဆောင် ရွက်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုး အပေါ် သစ္စာစောင့်သိတတ်စေရန်၊ လူချွန် လူကောင်း လူတော်များ၊ အကျင့်စာရိတ္တကောင်းမွန်၍ ပြည်သူ့နီတိကိုလိုက်နာတတ်သည့် အနာဂတ်မျိုးဆက်များဖြစ်ပေါ်လာစေရေး ၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော အနာဂတ်မျိုးဆက်များဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် တက္ကလိုလ်ဝင်တန်းနှင့်  အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများကိုပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်များက မူလတန်း ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများကို  ပေးအပ်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ယနေ့ ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်မှုမှာ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦး၊ အလယ်တန်း ၅၆ ဦး၊  အထက်တန်း ၂၆ ဦး ၊ တက္ကသိုလ်ဝင်တန်း ၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၂၅ ဦးရှိကာ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေအဖြစ် မူလလန်းတစ်ဦးလျှင် ၄၀၀၀၀ ကျပ်၊ အလယ်တန်းတစ်ဦးလျှင် ၆၀၀၀၀ ကျပ်၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းများအတွက် တစ်ဦးလျှင် ၈၀၀၀၀ ကျပ် ဖြင့် ထောက်ပံ့မှုမှာ ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၀,၇၇၈,၆၀၀ ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။