၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်
    ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် လုပ်ငန်းများခေတ္တ ရပ်ဆိုင်း၍ ၂၀၂၀ ပြည့်နှစ် အတွင်း သက်ဆိုင်ရာ နိုင်ငံများသို့ ခေတ္တပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။
    ယခုအချိန်တွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့ပွားမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်သည့် အခြေအနေ များရှိလာပြီဖြစ်ခြင်းတို့ကြောင့် အဆိုပါလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံပေါင်း (၅၀)မှ နိုင်ငံခြားသား (၉၀၁၀) ဦးတို့သည် ကယ်ဆယ်ရေးလေယာဉ်၊ စင်းလုံးငှား လေယာဉ်တို့ဖြင့် ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်လျက်ရှိပြီးဖြစ်ပါသည်။
    ယင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြားသားများ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပေါင်းစပ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံ၍ ဝင်ရောက်လာမည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ချောမွေ့စွာပြန်လည်ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။