၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၆ ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အစည်း အဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ပူးတွဲကော်မတီ အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဩစတြေး လျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ Ms. Juliana Nam နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ Mr. Keawe Woodmore တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ် အဆင့်မြှင့်တင်ခြင်းအတွက် ညှိနှိုင်းမှုများနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး  အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အထောက်အပံ့ပြုရေးအစီအစဉ်ကို အတည်ပြုခဲ့ကြသည်။
အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့် တင်ခြင်းနှင့်စပ်လျဉ်း၍ ပူးတွဲကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူစာချုပ်ကို ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်တိုးမြှင့်၍ အဆင့်မြှင့်တင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများက ညှိနှိုင်းဆောင်ရွက် နေခြင်းဖြစ်ပါသည်။