၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ၁၇ -၂ -၂၀၂၂
အာဆီယံ-ကနေဒါ အဆင့်မြင့်စီးပွားရေးအရာရှိများ အကြိုညှိနှိုင်းအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်သည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ H.E. Mr. Rath Saravuth နှင့်  ကနေဒါနိုင်ငံ၊ ကုန်သွယ်ရေးမူဝါဒနှင့်ညှိနှိုင်းရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr.Jay Allen တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံစီးပွားရေးအရာရှိများနှင့် ကနေဒါနိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို  ဦးဆောင်ညှိနှိုင်းမည့် ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းညွှန်းတမ်း၊ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အား ညှိနှိုင်းမည့် လုပ်ငန်း အစီအစဉ်နှင့် သဘောတူစာချုပ်တွင် ထည့်သွင်းမည့် အချက်အလက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အတွက် ညှိနှိုင်းမှုများ စတင်ကြောင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံ-ကနေဒါစီးပွားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံ များနှင့်ကနေဒါနိုင်ငံ စီးပွားရေး ဝန်ကြီးများက ကြေညာခဲ့ပြီး၊ သဘောတူစာချုပ်ကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ် ညှိနှိုင်းရန် မျှော်မှန်းထားပါသည်။