၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မတ်လ ၇ ရက်
၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ပူးတွဲကော်မတီ အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ ဘရူနိုင်း နိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနမှ Mr. Yusdiman Saman၊ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ Ms. Juliana Nam နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ Mr. Keawe Woodmore တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ညှိနှိုင်းမှု ကိစ္စရပ်များ၊ ဥပဒေရေးရာနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စ ရပ်များ၊ ပူးတွဲကော်မတီ၏ လုပ်ငန်းအစီအစဉ်၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် (၉) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပနိုင်ရေး စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ပါသည်။
အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့် တင်ခြင်း ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ် ဆောင်ရွက်ရန် ရည်မှန်းထား သည့်အတွက် ညှိနှိုင်းအစည်းအဝေးများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပါသည်။