၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မတ်လ ၁၈ ရက်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေး ထားမှုအခြေအနေ၊ ချေးငွေရယူထားသူများအနေဖြင့် ပြန်ဆပ်ရမည့်အခြေအနေ၊ အတိုး ပြန်လည် ကောက်ခံရရှိမှုနှင့် ဆက်လက်ကောက်ခံမည့် အစီအစဉ်၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေးအတွက် ချေးငွေဆက်လက် ထုတ်ပေးရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီက ဆောင်ရွက်ပေးခဲ့ သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အတည်ပြုရန်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။