၀န်ကြီးဌာနသတင်းများ

နေပြည်တော် မတ်လ ၂၄ ရက်

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲဖြစ်သူ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ယနေ့ နံနက် (၉:၀၀) နာရီတွင် ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ရေးကိစ္စနှင့် အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ကျင်းပပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စီးပွားရေး ကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကမ္ဘာ့ကပ်ရောဂါကြောင့် သက်ရောက်ခဲ့သည့် မြန်မာ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရက ဦးစားပေး ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ ဒေသ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများက မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာရှိသော စီးပွားရေးနယ်ပယ်များနှင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
 
ထို့နောက် ဥရောပအာရှ စီးပွားရေးကော်မရှင်(EEC) မှ တာဝန်ရှိသူများနှင့် စီးပွားရေးကိုယ်စား လှယ်အဖွဲ့ဝင်များက ဦးစားပေးပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေးကဏ္ဍများနှင့် လုပ်ငန်း စီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် EEC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။  ဥရောပအာရှ စီးပွားရေးကော်မရှင် (EEC) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် ကာဂျစ်စတန်နိုင်ငံ ၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)၏ ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး အကောက်ခွန်သမဂ္ဂပုံစံဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ကို ဆောင်ရွက်လျက်ရှိပါသည်။ ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU) သည် အာဆီယံနှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။