၀န်ကြီးဌာနသတင်းများ


နေပြည်တော် မတ်လ ၂၄ ရက်

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့က ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက် နေ့ မွန်းလွဲပိုင်း (၁:၀၀) နာရီတွင် Park Royal Hotel နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) အား လက်မှတ်ရေးထိုးနိုင်ရေးကို ဆွေးနွေးဆောင်ရွက်နေကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာတွင် နှစ်ဖက်အပြန်အလှန် အကျိုးရှိမည့် စီးပွားရေးနယ်ပယ်ကဏ္ဍ များအား ရွေးချယ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ EAEU အဖွဲ့ဝင်နိုင်ငံများအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့နှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာ အကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်လည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် နှစ်ဖက် အစိုးရ-ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ ပူးပေါင်း ဆောင်ရွက်ကြမည့် အဓိကစီးပွားရေးကဏ္ဍများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးဆောင်ကြမည်ဖြစ်၍ ကောင်းမွန်အကျိုးရှိမည့်အပြင် လက်တွေ့အကောင် အထည်ဖော်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေးရလဒ်များ ရရှိလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့ လာစေရေး ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် တိုးတက်ကောင်းမွန်စေရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဓါတ်မြေဩဇာထုတ်လုပ်ရေး ကဏ္ဍ၊ စားသုံးဆီထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့ပို့ကုန် များကို ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ လိုအပ်သည့် ဓါတ်မြေဩဇာများ၊ ရေနံထွက်ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရေးကိစ္စများအား ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ထို့နောက် ဥရောပအာရှ စီးပွားရေးကော်မရှင်(Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ     Mr. Andrey DIANSKY နှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော်(ငြိမ်း)တို့က ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် အလား အလာများကို ဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်၍ အဓိကပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သတ္တုကဏ္ဍ၊ အခြေခံအဆောက်အဦ၊ သတင်း အချက်အလက်နှင့် ပို့ဆောင်ဆက်သွယ်ရေးနည်းပညာ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်(Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံး အကြီးအကဲတို့က ဦးဆောင်၍ နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးကဏ္ဍအလိုက် အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အခွင့်အလမ်းများ၊ ကဏ္ဍအလိုက် အဓိကပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်း စီမံကိန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ EAEU ဘက်မှ တက်ရောက်လာသည့် လုပ်ငန်း ရှင်များကလည်း နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင် ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင် များ ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် စီးပွား ရေးလုပ်ငန်းရှင်များ စုစုပေါင်း (၈၀) ကျော် တက်ရောက်ခဲ့သည်။

ညပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် မြန်မာ ဘက်မှ ကိုယ်စားလှယ်များအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။