၀န်ကြီးဌာနသတင်းများ




၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက်
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး (The First Meeting of the High-level Task Force on the ASEAN Community’s Post-2025 Vision)သို့  မြန်မာနိုင်ငံမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင် (Eminent Person-EP) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ အဆင့်မြင့်ကိုယ်စားလှယ် (High Level Representative-HLR) မြန်မာနိုင်ငံဆိုင်ရာအာဆီယံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ၊ ယခင်လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ H.E. Tan Sri Hasmy Agam တို့က ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင် တာဝန်ကိုယူကြသည့် ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်‌ဟောင်းများ၊ သံအမတ်ကြီး များနှင့် ကိုယ်စားလှယ်များ၊  အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့၏ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေး အတည်ပြုခဲ့သည်။ ထို့ပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရာတွင် သက်ဆိုင်သူအားလုံးပါဝင်စေရန် ဆောင်ရွက်မည့်အစီအစဉ်၊ အာဆီယံ၏ စွမ်းဆောင်ရည် ခိုင်မာ‌အားကောင်းစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊  အာဆီယံအသိုက် အဝန်း၂၀၂၅အကောင်အထည်ဖော်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်တွင် ထည့်သွင်းမည့်အဓိက အချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဒုတိယဝန်ကြီးက အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ စည်းမျဉ်းနှင့်စပ်လျဉ်း၍ အာဆီယံ ခေါင်းဆောင်များက အတည်ပြုထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင် ရန် လိုအပ်သည့်အခြေအနေများကိုလည်းကောင်း၊ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အစည်းအဝေး များကို အဖွဲ့ဝင်များစုံညီစွာ ကျင်းပရန်လိုအပ်မှုကို လည်းကောင်း၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုတွင် မဏ္ဍိုင်တစ်ခု၏ အဓိကဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခြားမဏ္ဍိုင်များ၏ ဦးစားပေးလုပ်ငန်းများအကြား အပြန်အလှန်ချိတ်ဆက်မှုရှိနေသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုများကို ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်မှုကိုလည်းကောင်း ဆွေးနွေး အကြံပြုခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးသည် အာဆီယံအသိုက်အဝန်း၂၀၂၅အလွန် မျှော်မှန်းချက် တွင်ထည့်သွင်းမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့များဖွဲ့ပြီး ဆန်းစစ်လေ့လာရန်နှင့် သက်ဆိုင်ရာနိုင်ငံအလိုက် အဆိုပြုချက်များအပေါ် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လေ့လာ စိစစ်၍ ဒုတိယအကြိမ်အစည်းအဝေးတွင် အဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မည့် အစီအစဉ်များကို  ပါဝင်ဆွေးနွေးခဲ့သည်။
အဆင့်မြင့် လုပ်ငန်းအဖွဲ့သည် ၂၀၂၅ အလွန်တွင် ပေါ်ပေါက်လာနိုင်သည့် ဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါ များကြောင့် လူမှု- စီးပွားထိခိုက်မှုများနှင့် အာဆီယံဗဟိုပြုသည့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုခိုင်မာအားကောင်းစေရေး ဆောင်ရွက်ရန်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားလျှက် အာဆီယံ၏အနာဂတ်ပေါင်းစည်းမှုကို အဓိကပုံဖော်မည့်မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား ရေးဆွဲရာတွင် အကြံပေးအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။