၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ် (၁) ရှိ သတ်မှတ်နေရာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်‌နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်း (၇၅) ဦး တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသည် ရုံးပတ်ဝန်းကျင်နှင့် မိမိတို့ဝန်းကျင် စိမ်းလန်းသာယာ လှပစေရန်၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၌ ဝန်ထမ်းများနှင့် ပြည်သူများ တက်ကြွစွာ ပါဝင်လာစေရန်၊ ရာသီဥတုသမမျှတ၍ သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ကောင်းမွန်စေရန် အဓိကရည်ရွယ်ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အင်ကြင်းပျိုးပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက တောထန်းပင်ကိုလည်းကောင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ် သစ်ပင်များ အဖြစ် စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းကို  တက်ကြွစွာပါဝင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ယနေ့ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အင်ကြင်း၊ တောထန်း၊ ကံ့ကော်၊ ခရေ၊ ပင်မြင့်သဇင်၊ မုဆပ်ချယ်ရီပင်တို့ အပါအဝင် နှစ်ရှည်အရိပ်ရလေကာပင်နှင့် ပန်းအလှပင် စုစုပေါင်း (၁၀၈) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။