၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ လုပ်ငန်းစဉ်များ ကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် မူဝါဒ၊ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက် များအား သေသေချာချာ စနစ်တကျအကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ဝန်ကြီးဌာန၏ မျက်နှာစုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။  

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန နှစ်ခုတို့ကို ပေါင်းစည်းပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ၂၀၁၈ ခုနှစ် မှစတင်၍ ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ယခင် ဘဏ္ဍာရေးနှစ်များ အတွင်းဆောင်ရွက်ခဲ့သည့်  လုပ်ငန်းဆောင်ရွက် ချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စီမံကိန်းကော်မရှင်နှင့် ဘဏ္ဍာရေးကော်မရှင်တို့မှ အတည်ပြုပြီးဖြစ်သည့်  မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းများ နှင့် အစီအစဉ်များ၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုငွေနှင့် စပ်လျဉ်းသည့် ရငွေ၊ သုံးငွေဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်အကောက်များ ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေစိစစ်ဖော်ထုတ်ပေးရေး ကိစ္စရပ်များနှင့် ဝန်ကြီးဌာနမှ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို စနစ်တကျ သူ့အချိန်နှင့်သူ တိတိကျကျဖြင့် မျှော်မှန်းချက် ပြည့်မီနိုင်စေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအပါအဝင် ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဖွဲ့စည်း ထားရှိသည့် အခြေခံသဘောတရားနှင့် မူဝါဒများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊  ယနေ့အစည်းအဝေး၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကဏ္ဍတွင် လျာထားချက်ပြည့်မီစေ ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များအား ပွင့်ပွင့် လင်းလင်း ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှသာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင်း သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာရောက် ရင်းနှီးမြှုပ်နှံရာတွင်ရင်းနှီးမြှုပ်နှံသူများ၏ ရည်ရွယ်ချက် သည် မိမိတို့နိုင်ငံ၏ ဦးစားပေးကဏ္ဍ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ နှင့် ကိုက်ညီမှုရှိစေရေး စိစစ်သွားရန်လိုအပ်ပါကြောင်း၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ စေရေးအတွက် ဆွဲဆောင်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂) ရပ်တို့ အပေါ်မူတည်၍ နိုင်ငံတော်ကို အဘက်ဘက်မှ ဘက်စုံတိုးတက်စေရေးအတွက် ဆောင်ရွက်မည့်အချက်များကိုပါ အထောက်အကူဖြစ်စေရေး ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် နိုင်ငံတော် ကကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရာတွင် ဦးစီးဌာနများ၏ တာဝန် လုပ်ငန်းများအပေါ်မူတည်၍ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်ချက်များကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန (FERD) အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှပေးအပ်သည့်  အကူအညီအထောက်အပံ့ အခြေအနေအမျိုးမျိုးကို ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများရှိပါကြောင်း၊  ယင်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအပေါ်မူတည်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်စေရေးအတွက် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် အကူအညီအထောက်အပံ့များ ကို ထိရောက်မှုရှိစွာ အသုံးပြုနိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်ရန်လိုအပ်ပါကြောင်း၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု (Technical Cooperation) နှင့် ထိရောက်သော အကူအညီ အထောက်အပံ့များ ဖြစ်စေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ယခင် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်မှုအခြေအနေနှင့် ယခု ဘဏ္ဍာနှစ်အတွင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုံးသပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရုံးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ဒေသ၏ စီးပွားရေးဝန်းကျင်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့် အစီအမံများကို တင်ပြဆွေးနွေး၍ ပြည်နယ်/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးမှူး (ညွှန်ကြားရေးမှူးများ)က ပြည်နယ်/ တိုင်းဒေသကြီးအလိုက်တင်ပြဆွေးနွေးပြီး ပထမနေ့ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယနေ့အစီအစဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။